ဗုဒ္ဓဟူး, ၂၃ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ဒေသန္တရသတင်း > မြန်မာတံငါသည် ၁၂ ဦးကို သီရိလင်္ကာရေတပ် ကယ်တင်

မြန်မာတံငါသည် ၁၂ ဦးကို သီရိလင်္ကာရေတပ် ကယ်တင်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


နယူးဒေလီ (မဇ္ဈိမ)။ ။ သီရိလင်္ကာအရှေ့ဘက် ပင်လယ်အတွင်း လှေနှစ်စီးဖြင့် မျောပါလာသည့် မြန်မာတံငါသည် ၁၂ ဦးကို သီရိလင်္ကာရေတပ်က ယနေ့ ကယ်ဆယ်နိုင်ခဲ့သည်။

မြို့တော်ကိုလံဘိုရှိ ရေတပ်ဌာနချုပ်မှ အရာရှိတဦးက တြီကိုမာလီ ဆိပ်ကမ်းမြို့သို့ ပြန်လာကြသည့် ဒေသခံ သီရိလင်္ကာ တံငါသည်များက အကြောင်းကြားသဖြင့် ရေတပ်အနေဖြင့် မြန်မာတံငါသည်များကို သွားရောက် ကယ်တင်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

သီရိလင်္ကာအရှေ့ဘက် ကမ်းခြေမှ ရေမိုင် ၁၅၀ ခန့်အကွာတွင် မျောပါနေသော လှေနှစ်စီးပေါ်မှ မြန်မာနိုင်ငံသားများကို ရေတပ်သင်္ဘော နှစ်စီးဖြင့် သွားရောက် ကယ်တင်ခဲ့ကြသည်။

သီရိလင်္ကာ တံငါသည်များက ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် မြန်မာတံငါသည် ၅ ဦး ပါရှိသည့် ပထမလှေနှင့် ၂၈ ရက်နေ့တွင်မူ ၇ ဦး ပါရှိသည့် ဒုတိယလှေကို တွေ့မြင်ခဲ့ကြကြောင်း သတင်းပေးပို့ခဲ့သည်ဟု ရေတပ်အရာရှိက မဇ္ဈိမကို ပြောပြသည်။

''စက်ပိုင်းဆိုင်ရာ ချို့ယွင်းလို့ မြန်မာနိုင်ငံဘက်ကနေ ဒီဘက်ကို မျောပါလာတယ်လို့ သူတို့တွေက ပြောကြတယ်'' ဟု အရာရှိက ပြောဆိုကာ၊ ''သီရိလင်္ကာ ရေပိုင်နက်ထဲကို တရားမဝင် ဝင်လာတယ်လို့တော့ ကျနော် မထင်ပါဘူး'' ဟု ဆိုသည်။ ''သူတို့ဟာ မြန်မာပြည်ကပါလို့ ပြောကြတယ်'' ဟု သူက ဆက်ပြောသည်။

မည်ကဲ့သို့ သီရိလင်္ကာ ရေပိုင်နက်အတွင်း ဝင်ရောက်လာရသည်ကို ယခုထက် ပိုမို၍ စုံစမ်းဖော်ထုတ်နိုင်ရန် တြီကိုမာလီ ဆိပ်ကမ်းရှိ ရဲဌာနသို့ မြန်မာတံငါများကို လွှဲပြောင်းပေးခဲ့ပြီ ဖြစ်သည်။

မြန်မာတံငါများကို ကယ်ဆယ်ခဲ့ကြောင်းနှင့် သူတို့ကို ထိန်းသိမ်းထားကြောင်း ကိုလံဘိုရှိ မြန်မာသံရုံးသို့ အကြောင်းကြားခဲ့ကြောင်း ရေတပ်အရာရှိက ပြောသည်။ သို့သော် တစုံတရာ မှတ်ချက်ပေးရန်အတွက် မြန်မာသံရုံးသို့ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။