အင်္ဂါ, ၀၉ ဖေဖေါ်ဝါရီ ၂၀၁၀

Mizzima Burmese

Home > သတင်း > ဒေသန္တရသတင်း > ၂၀၀၈ ဖွဲ့စည်းပုံက အမျိုးသမီးများ ဘဝလုံခြုံမှု ခြိမ်းခြောက်နေဟု WLB ပြော

၂၀၀၈ ဖွဲ့စည်းပုံက အမျိုးသမီးများ ဘဝလုံခြုံမှု ခြိမ်းခြောက်နေဟု WLB ပြော

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


မဇ္ဈိမ(ချင်းမိုင်) ။ ။ ဖွဲ့စည်းပုံအခြေခံဥပဒတွင် စစ်အစိုးရ ခေါင်းဆောင်များ ကျူးလွန်ထားသော ပြစ်မှုများကို ကင်းလွတ်ခွင့်ပေးထားသဖြင့် ထိုအခြေခံဥပဒေအရ ပြုလုပ်မည့် ရွေးကောက်ပွဲကို အပြင်းအထန် ကန့်ကွက်သည်ဟု အမျိုးသမီးအဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLB က ယနေ့ ပြောဆိုလိုက်သည်။

လက်ရှိ အုပ်ချုပ်နေသည့် စစ်ဗိုလ်ချုပ်ကြီးများက ပြည်သူလူထုအပေါ် နည်းမျိုးစုံဖြင့် လူ့အခွင့်အရေး ချိုးဖောက် ကျူးလွန်မှုများအား သွယ်ဝိုက်သော နည်းဖြင့် ပိုမိုခွင့်ပြုထားရာ အမျိုးသမီးများ၏ ဘဝလုံခြုံရေးကို ပိုမို ခြိမ်းခြောက်နေကြောင်း ယနေ့ ကျရောက်သည့် နိုင်ငံတကာ အမျိုးသမီးများ အကြမ်းဖက်မှု ပပျောက်ရေးနေ့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ကျမတို့က ဒီအပိုဒ် ၄၄၅ လိုမျိုးဆို ကျမတို့လက်ခံမှာ မဟုတ်ဘူး။ အသွင် ကူးပြောင်းရေးကာလ ပြဌာန်းချက်တွေကလည်း နှစ်ဦးနှစ်ဘက် လက်ခံနိုင်တဲ့ အနေအထား မျိုးရှိဖို့ လိုတယ်”ဟု မြန်မာနိုင်ငံ အမျိုးသမီးအဖွဲ့ချုပ်မှ တွဲဘက်အထွေထွေ အတွင်းရေးမှူး(၁) မတင်တင်နွယ်က မဇ္ဈိကို ပြောသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပါရှိသည့် အပိုဒ် ၄၄၅ တွင် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့၏ မူဝါဒ လမ်းညွန်မှုများ၊ ဥပဒေများ၊ နည်းဥပဒေများ စည်းမျဉ်းများ၊ အမိန့်ပြန်တမ်းများ ကြေငြာချက်များကို လည်းကောင်း၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီတို့၏ ဆောင်ရွက်ချက်များ တာဝန်များနှင့် ရပိုင်ခွင့်များကိုလည်းကောင်း ဆက်ခံသည်။” ယင်းအဖွဲ့၊ သို့မဟုတ် အဖွဲ့ဝင် တဦးဦး၊ သို့မဟုတ် အစိုးရ အဖွဲ့ဝင် တဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရ”ဟု ဖော်ပြထားသည်။

“အစိုးရက သူတို့ကျူးလွန်ခဲ့တဲ့ အပြစ်တွေက ကင်းလွတ်ခွင့် ပေးသွားလောက်တဲ့ သေးသေးမွှားမွှား ပြစ်မှု မဟုတ်ဘူး။ ဒီအတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို နှေးသွားစေနိုင်တယ်။ တဘက်မှာ အပြစ်ရှိတဲ့လူကို အပြစ်ဒဏ်ခံရတာဟာ လူလောကရဲ့ သဘာဝပဲ” ဟု သူက ဆက်ပြောသည်။

ယခု အသွင်ကူးပြောင်းရေးကာလတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးအားလိုလားပါက ပထမအဆင့်အားဖြင့် ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးရမည်ဟု WLB က တောင်းဆိုထားသည်။

၁၉၉၇ ခုနှစ်တွင် စစ်အစိုးရကအမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံရေး သဘောတူစာချုပ် (ဒီဒေါ-CEDAW) ကို လက်မှတ် ထိုးထားသည်။

သို့သော် အမျိုးသမီးများ အပေါ်လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို စနစ်တကျ ကျူးလွန်နေဆဲ ဖြစ်ကြောင်း WLB က ပြောသည်။

ထိုင်းနိုင်ငံတွင် WLB နှင့် ရွှေပြောင်းအလုပ်သမားများအား အကူအညီပေးရေး အဖွဲ့များက အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အထိမ်းအမှတ်အဖြင့် လမ်းလျှောက်သည့် အစီအစဉ်များ ပြုလုပ်ခဲ့သည်။

တရုတ်မြန်မာနယ်စပ်များတွင်လည်း ပညာရေး ဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ ပညာပေးလှုပ်ရှားမှုများ၊ ဖဲကြိုးအဖြူရောင်များ ဝေငှခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု တရုတ်-မြန်မာနယ်စပ်မှ အမျိုးသမီးအဖွဲ့ချုပ် အဖွဲ့ဝင် မအေးအေးမြင့်က ပြောသည်။

ဖဲကြိုးတတ်ခြင်းအားဖြင့် အမျိုးသမီးအပေါ် ကိုယ်ကိုယ်တိုင် အကြမ်းဖက်မှု မပြုလုပ်ရန်နှင့် အကြမ်းဖက်မှု ပပျောက်ရေးကို လုပ်ဆောင်သွားရန် ဖြစ်သည်ဟု သူက ဆိုသည်။

အလားတူ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင်လည်း လူ့အခွင့်အရေး ပညာပေးဌာန(မြန်မာနိုင်ငံ)နှင့် WLB တို့ ပူးပေါင်းကာ အမျိုးသမီးများ အကြမ်းဖက်မှုနှင့် ပတ်သက်ပြီး ဗီဒီယိုမှတ်တမ်းများ ပြသခြင်း၊ ကလေးများ စာစီစာကုံးပြိုင်ပွဲများ၊ ပညာပေး ဟောပြောပွဲများ ပြုလုပ်ခဲ့သည်။

၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ကျင်းပသည့် ၅၄ ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ၈၃ ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက် ၅၄၊၁၃၄ အရ နိုဝင်ဘာ ၂၅ ရက်တွင် နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့သည်။



 

Editor's choice

အင်တာနက်သုံးသူ မှတ်တမ်းပြုစုရန် အာဏာပိုင်များညွှန်ကြား

အင်တာနက်ဆိုင်များတွင် လာရောက် အသုံးပြုသူများ၏ ကိုယ်ရေး အချက်အလက်များကို မှတ်တမ်း တင်ထားရမည်...

ဘိလပ်မြေဈေး ကျပ်တထောင်ကျော် မြင့်တက်

ဈေးကွက်အတွင်း ဝယ်လိုအားများနေသဖြင့် ဘိလပ်မြေဈေးနှုန်းများ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ကျပ်တထောင်ကျော်...

အလွမ်းစကား

News image

ကျမ ထောင်ဝင်စာတွေ့ဖို့ ကလေးမြို့ကို ရောက်နေတဲ့အချိန် ဖြစ်ပါတယ်။ ရတနာပုံအိမ်ကြီးရဲ့ တီဗီရှေ့မှာ အိမ်ရှင် ...

ဆရာ …. နှစ်ယောက် ….

ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်တို့က တဖက်နှင့် ဒုတိယကမ္ဘာစစ်မီးကြီးက လျှံလျှံညီးညီး တောက်လောင်၍ ...