ချင်းမိုင် (မဇ္ဈိမ) ။ ။ အမေရိကန် ဒေါ်လာသန်း ၁၂၀ ကုန်ကျမည့် ကုလားတန် ဘက်စုံစီမံကိန်းကို ဒီဇင်ဘာလ ပထမ သီတင်းပတ်အတွင်း စတင် တည်ဆောက်မည် ဖြစ်သည်။
အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်အပါအဝင် အခြားသော အရှေ့မြောက်ဒေသများကို ပင်လယ်ရေလမ်းကြောင်း ကုန်သွယ်မှုနှင့် ဆက်စပ်ပေးနိုင်မည့် စီမံကိန်းအတွက် အိန္ဒိယက အကုန်ကျခံ ဆောက်လုပ်ပေးမည် ဖြစ်သည်။
စီမံကိန်းအရ အိန္ဒိယနိုင်ငံ ကလကတ္တားနှင့် မြန်မာနိုင်ငံ စစ်တွေဆိပ်ကမ်းကို ဗဟိုပြု၍ ချင်းပြည်နယ် ပလက်ဝမြို့ကို ဖြတ်ကာ ကလက်ဝဆိပ်ကမ်းမှတဆင့် ၆၂ ကီလိုမီတာ ကွာဝေးသည့် ကုန်းလမ်းကြောင်း ဖြင့် အိန္ဒိယနိုင်ငံ မီဇိုရမ်သို့ ဖောက်လုပ် သယ်ဆောင်မည် ဖြစ်သည်။
ရေလမ်းခရီးသည် ၅၃၉ ကီလိုမီတာခန့် ရှည်လျားမည်ဟု ခန့်မှန်းထားပြီး ကုန်းလမ်းသည် ၆၂ ကီလိုမီတာ ရှိသဖြင့် ပုံမှန်သယ်ယူနေသည့် လမ်းကြောင်းထက် တိုတောင်းသွားမည်ဟု စီမံကိန်း အကောင်အထည် ဖော်သူများက ပြောသည်။မြန်မာစစ်အစိုးရနှင့် အိန္ဒိယတို့ နှစ်နိုင်ငံတို့က ၂၀၀၈ ခုနှစ် ဧပြီလတွင် သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။
အိန္ဒိယနိုင်ငံ အခြေစိုက် ဆောက်လုပ်ရေး ကုမ္ပဏီများဖြစ်သော Essar Construction (India) Ltd., Mumbai ၊ ITD Cementations India Ltd., Kolkata ၊ Afcons Infrastructure Ltd., Mumbai ၊ M/s Simplex Infrastructure Ltd., Kolkata နှင့် RDS POSCO JV, New Delhi သည် စစ်တွေတွင် ဆိပ်ကမ်းတည်ဆောက်ခြင်းနှင့် ကုလားတန် မြစ်ကြောင်းတလျှောက်ကို တိုးချဲ့တူးဖော်ရန်အတွက် စာရင်းပေးသွင်းထားသည်။
ရခိုင် သဘာဝပတ်ဝန်းကျင် စောင့်ရှောက်ရေးအဖွဲ့တခုဖြစ်သည့် ရခိုင်မြစ်ချောင်းများ ကွန်ယက် (Arakan Rivers Network- ARN) က ဘက်စုံစီမံကိန်းသည် ဒေသတွင်းနေ ပြည်သူများ၏ စားဝတ်နေရေးကို ရိုက်ခတ်မှု ကြီးမားလိမ့်မည်ဟု ပြောသည်။
ကုလားတန်မြစ်ကို မှီခို၍ လုပ်ကိုင်စားသောက်နေကြသည့် ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်မြို့နယ်နှင့် ချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ်နေ ပြည်သူများ၏ လယ်ယာကိုင်းကျွန်း လုပ်ကိုင်ခြင်းနှင့် ငါးဖမ်းခြင်း လုပ်ငန်းများကို ထိခိုက်သွားမည်ဟု ယနေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်တွင် ပြုလုပ်သော ရှင်းလင်းပွဲတွင် ပြောသွားသည်။
“ဒေသခံတွေရဲ့ စီးပွားရေးပေါ့နော်။ တံငါလုပ်ငန်းရယ်၊ လယ်ယာလုပ်ငန်းက ထွက်တဲ့ထွက်ကုန် ဆန်စပါးဘဲ ဖြစ်ဖြစ်၊ အသီးအနှံဘဲ ဖြစ်ဖြစ်ပေါ့။ အဲဒါတွေကို မြို့ထဲကို လာရောင်းမယ်ဆိုရင် အဲဒီဆိပ်ကမ်းတလျှောက်ကနေတဆင့် လာရောင်းကြတယ်။ အခုဆို တန်ချိန် ရာထောင်ချီပြီး တင်တဲ့ သင်္ဘောအကြီးတွေ ဆိုက်ကပ်လာမယ်ဆိုတော့ ဒေသခံ စီးပွားရေးတွေက လုပ်လို့မရတော့ဘူး” ဟု ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ARN မှ ဒါရိုက်တာ ဦးအောင်မင်းဦးက ပြောသည်။
စစ်တွေမြို့ ဆိပ်ကမ်းနယ်မြေတလျှောက်ရှိ အဆောက်အဦးများကို ဖြိုဖျက်ရွှေ့ပြောင်းခြင်းများ ပြုလုပ်လိမ့်မည် ဟုလည်း ဆိုသည်။


