နယူးဒေလီ။ ။ နာဂစ်မုန်တိုင်းသင့် ဒုက္ခသည်များ တွေ့ကြုံနေရသည့် ဆင်းရဲဒုက္ခကို အင်္ဂလန် နိုင်ငံသားများနှင့် ပြည်ပရောက် မြန်မာများ သိရှိစေရန် 'ငရဲပြည်က ထွက်ပါရစေ' အမည်ရ သရုပ်ဖော် ပြဇာတ်ကို ယမန်နေ့က အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် တင်ဆက် ပြသခဲ့သည်။
Burmese Theatre Workshop အဖွဲ့မှ ဦးဆောင်၍ လန်ဒန်မြို့ Free Word Centre တွင် လန်ဒန် စံတော်ချိန် နေ့လည် ၁၂ နာရီမှ ၁ နာရီအထိ အင်္ဂလိပ်ဘာသာစကားဖြင့် တင်ဆက်ပြသခဲ့ကာ၊ ပရိသတ် ၇ဝ ကျော် အားပေးကြည့်ရှုခဲ့သည်။
“နာဂစ်တိုက်တုန်းက တွေ့ကြုံခံစားရတဲ့ ဆင်းရဲဒုက္ခတွေက အမျိုးစုံတယ်။ ဒီဇာတ်လမ်းကတော့ နာဂစ်ကို နောက်ခံထားပြီး၊ နာဂစ်တုန်းက ခံစားခဲ့ရတဲ့ အဖြစ်အပျက်တွေကို ပရိသတ်သိအောင် တစိတ်တဒေသ အနေနဲ့ ပြသသွားတာ ဖြစ်ပါတယ်” ဟု ပြဇာတ်တွင် ပါဝင် သရုပ်ဆောင်ခဲ့သူ သရုပ်ဖော် ပန်းချီပညာရှင် ကိုထိန်လင်းက မဇ္စျိမကို ပြောသည်။
ဇာတ်ညွှန်းရေးသူ၊ ဒါရိုက်တာနှင့် အကပညာရှင် ဗြိတိန်နိုင်ငံသား Andrew Mclay က ပြဇာတ်ကို ဦးဆောင်ညွှန်ကြားခဲ့ပြီး၊ ဇာတ်ကောင် ၉ ဦးက မုန်တိုင်းကြောင့် သေကြေပျက်စီးပြီး ဒုက္ခဝေဒနာ ခံစားရပုံများနှင့် စားဝတ်နေရေး အခက်ကြုံရပုံများကို သရုပ်ဖော် တင်ဆက်ခဲ့ကြသည်။
မြန်မာ့စပါးကျီဖြစ်သည့် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်တွင် နာဂစ်မုန်တိုင်းကြောင့် လေဘေး ဒုက္ခသည်များသည် ဆန်ကိုပင် တောင်းစားကြရပုံများကိုပါ ဇာတ်ကောင်များက ရုပ်လုံး ဖော်ခဲ့ကြသည်။
ကိုထိန်လင်းက “ထူးထူးခြားခြားလေး တင်ဆက်ထားတယ်။ ပရိသတ်ကိုလည်း ဇာတ်ကောင်ထဲ ပါဝင် သရုပ်ဆောင်ခိုင်းရတဲ့ ဇာတ်ကွက်တွေလည်း ရှိတယ်။ ပထမ ပြဇာတ်စတော့ ဇာတ်ကောင်တွေက ပရိသတ်နဲ့ ရောနေရာကနေ သူတို့က သရုပ်ဆောင်လာတာ။ ပြီးတော့ ရန်ဖြစ်ခန်းတွေ ပါလာတော့ ပရိသတ်က ရန်ဖြစ်တယ်လို့ပဲ ထင်တာလေ။ နောက်မှ ပြဇာတ်စမှန်း သိကြတယ်” ဟု ပြောပြသည်။
ဒါရိုက်တာ Andrew Mclay က “ဒီကနေ တိုးချဲ့သွားဖို့ ဆန္ဒရှိတယ်။ သင်တန်းတွေ၊ အလုပ်ရုံ ဆွေးနွေးပွဲတွေ လုပ်ချင်တယ်။ မြန်မာပြည်မှာ သင်တန်းတွေ သွားပေးချင်ပါတယ်။ မြန်မာ့ရိုးရာအကတွေ၊ ဂီတတွေကို ဖော်ထုတ်ချင်ပါတယ်။ ဒါတွေကို အနောက်တိုင်းက ပုံစံတွေနဲ့ စမ်းသပ်တီထွင်သွားချင်တယ်” ဟု ပြောသည်။
'ငရဲပြည်က ထွက်ပါရစေ' ပြဇာတ်နှင့်အတူ မုန်တိုင်းသင့်ပြီးနောက် အသက်မပြည့်ဘဲ စစ်ထဲဝင်သွားသည့် ကလေးငယ်၏ ဘဝဇာတ်လမ်းနှင့် စစ်ထဲဝင်ရောက်ရသည့် နောက်ခံ အခြေအနေများကိုပါ ပြဇာတ် အတိုလေးဖြင့် ပြသခဲ့သေးသည်။
၂၀၀၈ ခုနှစ် မေလဆန်းတွင် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းအတွင်း တနာရီလျှင် မိုင် ၁၂၀ နှုန်းဖြင့် တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် လူဦးရေ တသိန်းလေးသောင်းခန့် သေကြေ ပျောက်ဆုံးခဲ့ရကာ၊ သိန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရသည်။
Burmese Theatre Workshop ကို ဗြိတိန်နှင့် မြန်မာအကြား ယဉ်ကျေးမှု ဖလှယ်ရေး မြှင့်တင်ရန်၊ မြန်မာနိုင်ငံနှင့် မြန်မာ့ ယဉ်ကျေးမှု ဖော်ထုတ်ပြသရန် ရည်ရွယ်ချက်များ အပါအဝင်ဖြင့် မြန်မာနိုင်ငံတွင် နာဂစ် မုန်တိုင်းသင့်ပြီး နောက်ပိုင်း ဖွဲ့စည်းခဲ့ကာ၊ ဗြိတိန်နိုင်ငံသားများနှင့် အင်္ဂလန်နိုင်ငံရောက် မြန်မာနိုင်ငံသား အနုပညာရှင်များပါ အဖွဲ့နှင့်အတူ ပူးပေါင်း ဆောင်ရွက်နေသည်။
(အိမ့်ချယ်ရီ သတင်းပေးပို့သည်။ ရဲရင့်အောင် တည်းဖြတ်သည်။)