မစ္စတာ ဘန်ကီမွန်း မြန်မာ့အရေး ကုလ လုံခြုံရေးကောင်စီသို့ အစီရင်ခံမည်
မဇ္ဈိမသတင်းဌာန
|
တနင်္လာနေ့၊ ဂျူလိုင်လ ၁၃ ရက် ၂၀၀၉ ခုနှစ် ၂၂ နာရီ ၂၁ မိနစ်
နယူးဒေလီ။ ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းသည် မြန်မာနိုင်ငံသို့ ၂ ရက်ကြာ သွားရောက်ခဲ့သော ခရီးစဉ်အကြောင်း လုံခြုံရေးကောင်စီတွင် တနင်္လာနေ့တွင် အစီရင်ခံမည်ဖြစ်ကြောင်း သူ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
နေအိမ်အကျယ်ချုပ် ထိန်းသိမ်းမှု စည်းကမ်းဖောက်ဖျက်မှုဖြင့် တရားရင်ဆိုင်နေရသော ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန်အတွက် မြန်မာစစ်အစိုးရကို ဖျောင်းဖျပြောဆိုရန် မစ္စတာဘန်ကီမွန်းသည် ယခုလ ၃ ရက်နှင့် ၄ ရက်နေ့များတွင် မြန်မာနိုင်ငံသို့ သူ၏ ဒုတိယ အကြိမ်မြောက် ခရီးစဉ်အဖြစ် သွားရောက်လည်ပတ်ခဲ့ပြီးနောက် ကုလလုံခြုံရေး ကောင်စီတွင် အစီရင်ခံမည့်အကြောင်း ပြောဆိုခြင်း ဖြစ်သည်။
''မြန်မာနိုင်ငံအခြေအနေနဲ့ လွန်ခဲ့တဲ့အပတ်က သွားရောက်ခဲ့တဲ့ သူ့ရဲ့ ၂ ရက်ကြာ ခရီးစဉ်အကြောင်း အတွင်းရေးမှူးချုပ်ဟာ လာမယ့် တနင်္လာနေ့ မနက် ၁၀ နာရီမှာ လုံခြုံရေးကောင်စီမှာ အစီရင်ခံ ရှင်းလင်းတင်ပြမှာ ဖြစ်ပါတယ်'' ဟု ပြောရေးဆိုခွင့်ရှိသူ မီရှဲလ် မွန်တပ်စ် - Michele Montas သတင်းထောက်များကို သောကြာနေ့က ပြောကြားခဲ့သည်။
သူ့ခရီးစဉ်အတွင်း မြန်မာစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် နှစ်ကြိမ် တွေ့ဆုံခွင့်ရခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် မရခဲ့ပါ။ ယင်းမှာ သူ၏ မေတ္တာရပ်ခံချက်ကို စစ်အစိုးရက လိုက်လျောလိုစိတ် မရှိသည်ကို ပြသနေသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးပြီး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို စတင်ကာ၊ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အတိုက်အခံအုပ်စုနှင့် `အဓိပ္ပာယ်ပြည့်ဝသော´ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ပါရန် ဤကမ္ဘာ့အဖွဲ့အစည်းကြီး၏ အကြီးအကဲက ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် သူ၏ ဝန်ကြီးအဖွဲ့ကို တိုက်တွန်းခဲ့သည်။
ထို့အပြင် ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက်လည်း ပွင့်လင်းမြင်သာ၍ လွတ်လပ်သော အခြေအနေများ ဖန်တီးပေးပါရန် မစ္စတာဘန်ကီမွန်းက မြန်မာစစ်အစိုးရကို တိုက်တွန်းခဲ့သည်။
ဤသို့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးရန် မစ္စတာဘန်ကီမွန်း၏ မေတ္တာရပ်ခံချက်ကို ငြင်းပယ်လိုက်ခြင်းဖြင့် မြန်မာစစ်အစိုးရသည် နိုင်ငံတကာအသိုင်းအဝိုင်းက အကြံပြုထားသော အပြောင်းအလဲများကို အကောင်အထည်ဖော်လိုစိတ် မရှိကြောင်း ထင်ရှားနေသည်ဟု ဝေဖန်သူများက ပြောဆိုကြသည်။ သူတို့သည် သူတို့၏ ဒီမိုကရေစီသို့သွားရာ လမ်းပြမြေပုံ ၇ ချက်အတိုင်း ဆက်လက်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားတော့မည်သာ ဖြစ်သည်။
အထိန်းသိမ်းခံ အတိုက်အခံခေါင်းဆောင်နှင့် တွေ့ဆုံခွင့်မပေးဘဲ စစ်အစိုးရက ငြင်းပယ်လိုက်ခြင်းအတွက် သူ `အကြီးအကျယ် စိတ်ပျက်မိကြောင်း´ ဖြင့် ခရီးစဉ်အဆုံးတွင် မစ္စတာဘန်ကီမွန်းက သတင်းထောက်များကို ပြောကြားခဲ့သည်။ သို့သော် ဤကမ္ဘာ့အဖွဲ့အစည်း အကြီးအကဲသည် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ခေါင်းဆောင်များနှင့်မူ ၁၀ မိနစ်ခန့်မျှသာ တွေ့ဆုံခွင့်ရခဲ့သည်။
`အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြောကြားခဲ့သည့်အတိုင်း မြန်မာနိုင်ငံရှိ ဖွဲ့စည်းအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်နှင့် ရွေးကောက်ပွဲအတွက် သူ့အနေဖြင့်လည်း စိုးရိမ်ပူပန်တဲ့အကြောင်း အထွေထွေ အတွင်းရေးမှူးချုပ်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်´ ဟု ပြောရေးဆိုခွင့်ရှိသူ Montas က သောကြာနေ့က ပြောဆိုခဲ့သည်။