သောကြာ, ၀၃ စက်တင်ဘာ ၂၀၁၀

Mizzima Burmese

Home > သတင်း > ဒေသန္တရသတင်း > ဘင်္ဂလားနယ်စပ်တွင် ဘိန်းဖြူ ၂ ကီလို ဖမ်းဆီးရမိ

ဘင်္ဂလားနယ်စပ်တွင် ဘိန်းဖြူ ၂ ကီလို ဖမ်းဆီးရမိ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်



ဒါကာ (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံဘက်မှ တင်သွင်းလာသည်ဟု ယုံကြည်ရသော ဘိန်းဖြူ ၂ ကီလိုဂရမ်ခန့်ကို နှစ်နိုင်ငံ နယ်စပ်ဒေသ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းတွင် ယခုတပတ်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း နယ်စပ်လုံခြုံရေးတပ် သတင်းရပ်ကွက်နှင့် မျက်မြင်သက်သေများ၏ အဆိုအရ သိရသည်။

ယခုလ ၄ ရက်နှင့် ၇ ရက်နေ့တွင် ဘင်္ဂလား-မြန်မာ နယ်စပ်မြို့ တက္ကနာနှင့် ကော့စ်ဘဇာမြို့သို့ သွားရောက်ရာ ကားလမ်းပေါ်ရှိ နယ်စပ် လုံခြုံရေးတပ် BDR စစ်ဆေးရေး ဂိတ်များက တကြိမ်လျှင် တကီလိုခန့် ဝင်ဆန့်သည့် ဘိန်းထုပ်တထုပ်စီကို မော်တော်များပေါ်မှ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခြင်း ဖြစ်သည်။

၎ ရက်နေ့တွင် 'ဒုံးဒုံးများ' အမည်ရှိ BDR နယ်ခြားစောင့်တပ် စစ်ဆေးရေးဂိတ်၌ ရှာဖွေရရှိကြောင်း ဂိတ်တာဝန်ကျ BDR တပ်သားတဦးက မဇ္ဈိမကို ပြောဆိုသလို၊ ၇ ရက်နေ့တွင် ဝိုက်ကျောင်းအမည်ရှိ BDR ဂိတ်၌ သိမ်းဆည်းရမိကြောင်း မျက်မြင်သက်သေ ဝိုက်ကျောင်းရွာသားတဦးကလည်း ပြောသည်။

ဖမ်းဆီးရမိသည့် ဘိန်းဖြူများမှာ မြန်မာဘက်မှ ဝင်ရောက်သော ဘိန်းဖြူများဖြစ်ကြောင်း တက္ကနာမြို့မှ ထောက်လှမ်းရေး တဦးက ပြောသည်။

“ဘင်္ဂလားဒေ့ရှ်ထဲကို ဘိန်းဖြူဟာ အိန္ဒိယဘက်ကလည်း ဝင်တယ်၊ မြန်မာဘက်ကလည်း ဝင်တယ်။ ဒါပေမဲ့ ခွဲခြားလို့ ရတယ်။ မြန်မာက လာတာက အဖြူ၊ အိန္ဒိယဘက်က လာတာက အနီဘက်ကို နည်းနည်း အရောင်သန်းတယ်” ဟု သူက ပြောသည်။

မြန်မာထွက် ဘိန်းဖြူများသည် ဘင်္ဂလားဒေ့ရှ်ကို ကြားခံအဖြစ် အသုံးပြုကာ နိုင်ငံတကာဈေးကွက်သို့ တင်ပို့သည် လမ်းကြောင်း ဖြစ်လာနေသည်ဟု နေ့စဉ်ထုတ် The Independent သတင်းစာက မူးယစ်တိုက်ဖျက်ရေးဌာန အကြီးအကဲတဦး၏ ပြောဆိုချက်ကို ကိုးကားကာ လွန်ခဲ့သည့် ၄ ရက်ခန့်က ရေးသားဖော်ပြခဲ့သည်။

ထို့ပြင် ယခုနှစ် ဇန္နဝါရီလမှ မေလအတွင်း ဘင်္ဂလားဒေ့ခ်ျ့ လုံခြုံရေးတပ်ဖွဲ့များက ဘိန်းဖြူ ကီလိုဂရမ် ၇ ဒဿမ ၈၈၁ နှင့် အိန္ဒိယနိုင်ငံမှ တင်သွင်းလာသော ဖန်စီဒိုင်းပုလင်း ၂၅၉၆၁ ပုလင်းနှင့် အခြား မူးယစ်ဆေး အများအပြား ဖမ်းဆီးရမိခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်အခြေစိုက် နိရိဉ္စရာ ဝဘ်ဆိုဒ် သတင်းစာမျက်နှာတွင် ယခုလ ၆ ရက်နေ့က ဖော်ပြခဲ့သည်။

ဘိန်းဖြူ တစ်ကီလိုဂရမ်ကို မြန်မာငွေ သိန်း ၈၀ မှ ၁၀၀ အထိ ပေါက်ဈေးရှိပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကျပ် သိန်း ၁၂၀ (တာကာငွေ ၈ သိန်း) ဈေးရှိနေကြောင်း သိရသည်။

(တစ်တာကာ၏ လက်ရှိ ငွေလဲနှုန်းမှာ ၁၅ ကျပ် ရှိပြီး၊ တစ်ကီလိုဂရမ်သည် မြန်မာပိဿာချိန်နှင့်ဆိုပါက ၆၅ ကျပ်သားခန့် ရှိသည်။)