တနင်္လာ, ၁၅ မတ် ၂၀၁၀

Mizzima Burmese

Home > သတင်း > ဒေသန္တရသတင်း > ထိုင်း-မြန်မာနယ်စပ်၌ အနေအထားသစ်တရပ် ပေါ်လာ

ထိုင်း-မြန်မာနယ်စပ်၌ အနေအထားသစ်တရပ် ပေါ်လာ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်



မဲဆောက် (မဇ္ဈိမ)။ ။ ကရင်အမျိုးသား အစည်းအရုံး - KNU ၏ အခြေခံ စခန်းများကို ပြီးခဲ့သည့် လအတွင်း တိုက်ခိုက်ရာတွင် မြန်မာစစ်တပ်နှင့် ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် - DKBA တို့က အနိုင်ရရှိခဲ့ခြင်းကြောင့် မြန်မာစစ်အစိုးရသည် နှစ်ပေါင်း ၆ဝ အတွင်း ပထမဆုံးအကြိမ်အဖြစ် ထိုင်းနယ်စပ်ရှိ အဓိက အစိတ်အပိုင်းကို အခိုင်အမာ ထိန်းချုပ်နိုင်ပြီဖြစ်သည်။

ပြီးခဲ့သည့် တလအတွင်း တိုက်ပွဲများ ဖြစ်ခဲ့ပြီးနောက် DKBA တပ်ဖွဲ့များက KNU ၏ လက်နက်ကိုင်တပ် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် - KNLA ၏ နယ်စပ်ဒေသရှိ အခြေစိုက်စခန်းများကို သိမ်းယူလိုက်နိုင်သည်။ တိုက်ပွဲများသည် နှိုင်းယှဉ်ချက်အားဖြင့် မပြင်းထန်လှဘဲ မြန်မာစစ်သားနှင့် DKBA တပ်ဖွဲ့ဝင် ၂ဝဝ ကျော် ထိခိုက်ဒဏ်ရာရမှု အများစုသည် မြေမြှုပ်မိုင်းကြောင့် ဖြစ်သည်။

တိုက်ပွဲများ၊ မြေမြှုပ်မိုင်းအန္တရာယ်နှင့် ပေါ်တာဆွဲခံရမည်ကို ကြောက်ရွံ့၍ ကရင်ရွာသား ၃၅ဝဝ ကျော်မှာ သူတို့၏ နေအိမ်များကို စွန့်ခွာ၍ ထိုင်းမြန်မာနယ်စပ် ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးရောက်ရှိ ခိုလှုံလာကြသည်။

သူတို့၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားသော နယ်စပ်ဒေသများနှင့် ပတ်သက်၍ မြန်မာစစ်အစိုးရနှင့် DKBA တပ်ဖွဲ့တို့တွင် အလွန်ကြီးမားသော ရည်မှန်းချက်များ ရှိကြသည်။ မြဝတီမှ ယင်း၏ မြောက်ဘက် သံလွင်မြစ်နှင့် သောင်ရင်းမြစ်ဆုံရာ နေရာအထိ ထိုင်းနယ်စပ်တလျှောက်တွင် စီးပွားရေးဇုန်များ ထူထောင်မည့် အစီအစဉ်များ ကြာမြင့်စွာကတည်းကပင် ရှိသည်။ ယင်းတို့အထဲမှတခုကို မြဝတီမြို့ပြင်တွင် တည်ဆောက်မည်ဖြစ်ပြီး၊ နောက်တခုမှာ လှိုင်းဘွဲ့မြို့တွင် တည်ဆောက်မည်ဖြစ်သည်။

ဤစီမံကိန်များအတွက် ယခင်ထိုင်းအစိုးရများက ငွေအနည်းငယ်မျှသာ စိုက်ထုတ်ခဲ့ကြသော်လည်း နှုတ်ဖြင့်မူ ထောက်ခံခဲ့ကြပြီးဖြစ်သည်။ ယခုအခါ KNLA ၏ ခြိမ်းခြောက်မှုလျော့နည်းသွားပြီး၊ အဆိုပါဒေသကို အခိုင်အမာ ထိန်းချုပ်နိုင်သွားပြီဖြစ်သဖြင့် ဤစီးပွားရေးဇုန်များကို ဖုံခါ၍ ပြန်လည်ပွဲထုတ်လာနိုင်သည်။ ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်၍ စီးပွားရေးအားဖြင့် ဆင်းရဲနုံချာလှသော ဤဒေသကို ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ဆောင်ရန် မြန်မာနိုင်ငံက မျှော်လင့်ထားသည်။

ထိုင်းနိုင်ငံကမူ အဆိုပါ စီးပွားရေးဇုန်များကို ထိုင်းနိုင်ငံအတွင်းသို့ အလုံးအရင်းဖြင့် ဝင်ရောက်လာသည့် ရွှေ့ပြောင်းအလုပ်သမားများကို သုံးစရာ မလိုဘဲ မြန်မာအလုပ်သမားများကို ဈေးပေါပေါဖြင့် ခိုင်းနိုင်မည့် အခွင့်အလမ်းကောင်းအဖြစ် မြင်သည်။ ယင်းတို့အထဲမှ တနေရာဖြစ်သော လှိုင်းဘွဲ့မြို့အနီးမှ နေရာတနေရာမှာ မယ်လဒုက္ခသည်စခန်းမှ ဒုက္ခသည်များကို နေရပ်ရင်းသို့ ပြန်လည်ပို့ဆောင်ရာတွင် အသုံးပြုနိုင်သော နေရာတနေရာအဖြစ် သတ်မှတ်ထားသည်။

နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရန် စစ်အစိုးရ၏ အစီအစဉ်ကို DKBA က လက်ခံလိုက်ခြင်း အကြောင်းရင်းတရပ်မှာ DKBA အနေဖြင့် စီးပွားရေးလုပ်ငန်းများကို ဆက်လက်ထိန်းသိမ်းထားရှိခွင့် ရှိမည်ဖြစ်ပြီး၊ ပိုမို၍ပင် ကြီးထွားလာနိုင်စရာ ရှိသောကြောင့် ဖြစ်သည်။ လုပ်ပိုင်ခွင့်များနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ရှင်းလင်းစွာ မသိရသေးသော်လည်း မဇ္ဈိမက ဖတ်ရှုခဲ့ရသော မေလနှင့် ဇွန်လများအတွင်း ကျင်းပခဲ့သော DKBA ပါတီတွင်း အစည်းအဝေး မှတ်တမ်းများအရ DKBA သည် ယင်း၏ အကောက်ခွန်ဂိတ်အချို့ကို စတင်ပြောင်းရွှေ့နေပြီး အကြီးစားတိုးချဲ့မှု အစီအစဉ်၏ အစိတ်အပိုင်းတရပ်အဖြစ် စခန်းသစ်များကို စတင်ထူထောင်နေပြီဖြစ်သည်။ ထိုင်းနိုင်ငံနှင့် တရားဝင်ရော၊ တရားမဝင် မှောင်ခိုစီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရန် တာဝန်ပေးထားသည့် ဗိုလ်မှူးကြီး မော်သိုး အပါအဝင် အချို့သော အရာရှိများကို လက်ရှိ မြဝတီအခြေစိုက် တာဝန်များမှ အခြားစီးပွားရေး လုပ်ငန်းများအတွက် ပြောင်းလဲတာဝန်ပေးခဲ့သည်။

အကြီးအကျယ် ကြီးထွားလာနေသော DKBA တပ်ဖွဲ့များ နယ်စပ်အစိတ်အပိုင်း အတော်များများကို ထိန်းချုပ်လာနိုင်ခြင်းသည် ထိုင်းလုံခြုံရေးအရာရှိများအတွက် စိုးရိမ်စရာ ဖြစ်နေသည်။ ၁၉၉၅ ခုနှစ် ဇန်နဝါရီလတွင် KNU ဌာနချုပ် မာနယ်ပလော ကျသွားပြီးနောက် DKBA တပ်ဖွဲ့များက နယ်စပ်တလျှောက် ကြမ်းတမ်းရက်စက်စွာ လုပ်ဆောင်မှုများ ပြုလုပ်ခဲ့သည်။ ဒုက္ခသည်စခန်းများကို မီးရှို့သည်၊ ပြန်ပေးဆွဲသည်၊ တခါတရံ ကရင်နှင့် ထိုင်းလူမျိုး အရပ်သားများကို သတ်ဖြတ်သည်၊ နယ်စပ်တလျှောက် ထိုင်းဈေးဆိုင်များကို လုယက်သည်၊ ထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့များကိုပင် တိုက်ခိုက်ခဲ့သည်။ ဤသို့သော တိုက်ခိုက်မှုများ ၁၉၉၈ တွင် အတော်များများ ရပ်တန့်သွားခဲ့သော်လည်း ရံဖန်ရံခါ ကျူးကျော်ဝင်ရောက် တိုက်ခိုက်မှုများမှာမူ ထိုအချိန်ကတည်းကပင် ရှိနေခဲ့သည်။

ယခုနှစ်တွင် နယ်စပ်ကို စိုးမိုးလာနိုင်ပြီဖြစ်သဖြင့် DKBA ၏ ကျူးကျော်ဝင်ရောက်မှုများမှာ ပို၍ပင် များလာခဲ့သည်။ ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလ၌ တပ်ခ်ပြည်နယ် အုံးဖန်ခရိုင်အတွင်း DKBA တပ်ဖွဲ့များ ဝင်ရောက်ကာ လယ်တဲများကို မီးရှို့သည်၊ နယ်စပ်တလျှောက် အိမ်များကို လုယက်သည်၊ မွေးမြူထားသော ကြက်ဝက်ကျွဲနွားများကို ခိုးယူသွားခဲ့ကြသည်။ KNLA တပ်မဟာ ၇ ကို တိုက်ခိုက်နေစဉ်အတွင်းနှင့် တိုက်ခိုက်မှုများ ပြီးဆုံးသွားပြီးနောက် DKBA တပ်ဖွဲ့များ နယ်စပ်ကို ကြိမ်ဖန်များစွာ ဖြတ်ကျော်ဝင်ရောက်ကာ မဲဆလစ်အနီးတဝိုက် ဒေသခံတို့၏ ဈေးဆိုင်များမှ သူတို့တပ်ဖွဲ့များအတွက် ရာရှင်နှင့် စားရန်၊ အရက်သောက်ရန် အတင်းအကျပ် တောင်းယူခဲ့ကြသည်။

သောင်ရင်းမြစ်အတွင်း ဇွန်လ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သော ခြုံခိုတိုက်ခိုက်မှု၌ ဗိုလ်မှူးကြီး ဆန်ပြုံး အပါအဝင် DKBA တပ်ဖွဲ့ဝင် ၅ ဦး ကျဆုံးပြီး၊ နောက်ထပ် ၂ဝ ဒဏ်ရာရရှိခဲ့ခြင်းအတွက် ပြန်လည်လက်စားချေ တိုက်ခိုက်လာမည်ကို ကရင်တို့က စိုးရိမ်ပူပန်လျက်ရှိကြသည်။ ပြီးခဲ့သည့်နှစ် ချစ်သူများနေ့တွင် ဖြစ်ပွားခဲ့သော KNU အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလားဖန်းအား လုပ်ကြံသတ်ဖြတ်မှုတွင် ဗိုလ်ဆန်ပြုံးမှာ ခေါင်းဆောင်နှင့် အဓိက မောင်းခလုပ်ဖြုတ်ခဲ့သူဟု ကျယ်ပြန့်စွာ ယုံကြည်နေကြသည်။ သူတို့တပ်ဖွဲ့များ ဤဒေသအတွင်း မရှိသဖြင့် ဤတိုက်ခိုက်မှုမှာ သူတို့၏ လက်စားချေတိုက်ခိုက်မှု မဟုတ်ကြောင်းဖြင့် KNLA စစ်တပ်အရာရှိများက ပြောဆိုကြသည်။

ထို့ကြောင့် ဖြစ်နိုင်စရာရှိသည်မှာ ကရင်ခွဲထွက် နောက်ထပ်အဖွဲ့တခုဖြစ်သော KNU-KNLA ငြိမ်းချမ်းရေးကောင်စီ၊ နအဖနှင့် ထိုင်းလုံခြုံရေးတပ်ဖွဲ့များသာ ကျန်တော့သည်။ မည်သည့်အဖွဲ့က ဤတိုက်ခိုက်မှုကို ပြုလုပ်ခဲ့သည်ဖြစ်စေ၊ ယင်းဖြစ်ရပ်က ပြဆိုနေသည်မှာ နယ်စပ်တလျှောက် အစိုးရတပ်နှင့် DKBA တပ်ဖွဲ့များက အတော်များများ ထိန်းချုပ်ထားနိုင်ပြီဆိုသော်လည်း တည်ငြိမ်မှု အာမခံချက်ရှိရန်မှာမူ အပုံကြီး လိုသေးသည်ဆိုသည့် အချက်ဖြစ်သည်။

DKBA တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် မြန်မာစစ်တပ်၏ ထိန်းချုပ်မှုတခုထဲအောက်၌ ထားရှိကာ အသွင်ပြောင်းလဲလိုက်ခြင်းသည် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများ ပေါ်ပေါက်လာပါက စစ်အစိုးရက ဓားစာခံဖြစ်ရဦးမည့် အခြေရှိသော်လည်း တည်ငြိမ်မှုမှာ အတော်အတန် ရရှိလာမည်ဖြစ်သည်။ ယခင်ကမူ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများ ပေါ်လာတိုင်း နအဖ က DKBA လက်ချက်ဖြစ်သည်ဟု အပြစ်ဖို့လေ့ရှိသည်၊ ဤအုပ်စုအပေါ် သူတို့၏ သြဇာ အနည်းအကျဉ်းမျှသာ ရှိပါသည်ဟုလည်း ပြောလေ့ရှိသည်။ မကြာသေးခင်က ဖြစ်ပွားခဲ့သော တပ်မဟာ ၇ တပ်စခန်းများအား တိုက်ခိုက်မှုများကို စစ်အစိုးရ၏ မီဒီယာများ၌ ကရင်အချင်းချင်း တိုက်ခိုက်နေမှုသာဖြစ်သည်ဟု ရေးသားထားသည်။ DKBA တပ်ဖွဲ့များကို မြန်မာစစ်တပ်အတွင်း နယ်ခြားစောင့်တပ်ဖွဲ့များအဖြစ် ပြောင်းလဲဖွဲ့စည်းပြီးပါက ဤသို့ ယိုးမယ်ဖွဲ့ပြောဆိုရန် ဖြစ်နိုင်တော့မည် မဟုတ်ပေ။

မြန်မာစစ်တပ်၏ တပ်ဖွဲ့တခုအဖြစ် တရားဝင် ရပ်တည်နိုင်လာပြီး နယ်မြေဒေသကို ပိုမိုထိန်းချုပ်လာနိုင်ပါက ထိုင်းလုံခြုံရေးတပ်ဖွဲ့များအနေဖြင့် အထူးသတိထား စောင့်ကြည့်ရမည့် ကိစ္စတရပ်မှာ DKBA ၏ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှု လုပ်ငန်းများဖြစ်သည်။ DKBA တပ်ဖွဲ့များသည် နယ်စပ်တလျှောက် မူးယစ်ဆေးဝါး ချက်လုပ်သည့် ဓာတ်ခွဲခန်းများ တည်ဆောက်ကာ အဖက်တမင်း (Amphetamine) နှင့် ရာဘ ဆေးပြား ထုတ်လုပ်မှုလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်ဟု ကရင်စစ်တပ်အသိုင်းအဝိုင်းက စွပ်စွဲထားသည်။

ရှမ်းပြည်ရှိ ဝ’ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် ကဲ့သို့သော အဖွဲ့များနှင့်ယှဉ်လျှင် DKBA ၏ မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင် ရောင်းဝယ်ဖောက်ကားမှု လုပ်ငန်းများမှာ နည်းပါးသည်ဟု ဆိုနိုင်သော်လည်း ထိုင်းမူးယစ်ဆေးဝါး အရာရှိများနှင့် အတိုက်အခံ သတင်းရပ်ကွက်များကမူ DKBA သည် သူတို့၏ မြဝတီနှင့် ဘုရားသုံးဆူ နယ်စပ်အခြေခံစန်းများတလျှောက် ရာဘနှင့် ဘိန်းဖြူများကို သယ်ဆောင်နေကြသည်ဟု ဆိုသည်။ ဤအဖွဲ့ကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲ ဖွဲ့စည်းလိုက်ခြင်းဖြင့် မူးယစ်ဆေးဝါးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ခဲ့ပါက စစ်အစိုးရ အနေဖြင့်လည်း ကြံရာပါဖြစ်တော့မည်ဖြစ်သည်။

နယ်စပ်အခြေခံစခန်းများ ဆုံးရှုံးသွားခဲ့ရပြီးနောက် KNU ဇာတ်သိမ်းပြီဟု မကြာသေးခင်က မီဒီယာများက ဖော်ပြခဲ့ကြခြင်းမှာ စောနေသေးသည်။ KNU သတင်းရပ်ကွက်များကမူ သူတို့အနေဖြင့် ကရင်ပြည်နယ် အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသများတွင် ပြောက်ကျားလှုပ်ရှားမှုများ ဆက်လက်ပြုလုပ်သွားမည်ဟု ပြောဆိုသည်။ နယ်စပ်ဒေသ အလယ်ပိုင်းကို ဆုံးရှုံးသွားခဲ့ရခြင်းသည် KNU အတွက် ဆက်သွယ်မှုလမ်းကြောင်းတွင် ခက်ခဲမှုဖြစ်ပေါ်စေပြီး၊ သူတို့စောင့်ရှောက်နေရသော ကျေးရွာသားများနှင့် ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည်များအတွက် ပစ္စည်းများ ထောက်ပံ့ရေးတွင်လည်း ခက်ခဲသွားစေမည်ဖြစ်သည်။

KNLA သည် ကရင်ပြည်နယ် မြောက်ပိုင်းတွင် တပ်ဖွဲ့အများစု ရှိနေသေးပြီး၊ မွန်နှင့် ပဲခူးတိုင်းတို့တွင်လည်း နေရာဒေသအချို့တွင် တပ်ဖွဲ့များရှိနေဆဲဖြစ်ကာ ကရင်ပြည်နယ်တောင်ပိုင်းနှင့် တနင်္သာရီတိုင်းတို့တွင်လည်း တပ်ဖွဲ့များ ဆက်လက်ထားရှိနိုင်ဆဲ ဖြစ်သည်။

ကရင်ပြည်နယ်အတွင်းတွင်မူ DKBA နှင့် မြန်မာအစိုးရတပ်ဖွဲ့များက ပိုမိုထိန်းချုပ်လာနိုင်ခြင်းကြောင့် KNU ၏ မူဝါဒလမ်းစဉ်များကို လိုလားသော ကရင်အများအပြားအနေဖြင့် ဒေသတွင်းအသစ် ပေါ်ပေါက်လာသော စိုးမိုးအုပ်ချုပ်သူအသစ်များဖြင့် လက်တွဲလုပ်ဆောင်လာရတော့မည့် အခြေစိုက်နေသည်။ ဤ ဒေသအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုအခြေအနေများကို နှစ်ပေါင်းကြာရှည်စွာ စောင့်ကြည့်လေ့လာနေခဲ့သော အဖွဲ့များကလည်း သူတို့အနေဖြင့် DKBA တပ်ဖွဲ့များ ရှိနေခြင်းကြောင့် လုပ်ရကိုင်ရသည်မှာ ပိုမိုအန္တရာယ် ရှိလာနေသည်ဟု ဆိုသည်။ ရွာသား အများအပြားကလည်း DKBA က ဒဏ်ခတ်မည်ဟု ခြိမ်းခြောက်ခြင်းကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှု သတင်းများကို မတိုင်တန်းရဲကြတော့ပါ။

ဒေသတွင်း DKBA တပ်ဖွဲ့များက ပိုမိုထိန်းချုပ်လာနိုင်ခြင်းသည် ၂ဝ၁ဝ ရွေးကောက်ပွဲများ၌ ကရင်အမျိုးသားများ၏ ကိုယ်စားပြုမှုကို အနည်းအကျဉ်းသာ သက်ရောက်မှု ရှိစေလိမ့်မည်ဟု KNU သတင်းရပ်ကွက်များက ပြောဆိုသည်။ DKBA သည် အခြား တိုင်းရင်းသား သောင်းကျန်းသူ အဖွဲ့အစည်းများနှင့် မတူသည်မှာ သူတို့တွင် နိုင်ငံရေးအဖွဲ့အစည်း မရှိခြင်းဖြစ်သည်။ မေလ ၇ ရက်နေ့က ကျင်းပခဲ့သော DKBA တပ်မှူးများ၏ အစည်းအဝေး မှတ်တမ်းအရ သူတို့အနေဖြင့် နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်လာရဖွယ် ရှိသည်ဟု တပ်မှူးများကို ပြောဆိုထားခဲ့သည်။

ဤသို့ ပြုလုပ်နိုင်ရန် DKBA အဖွဲ့ဝင်များ သို့မဟုတ် အခြား ကရင်အမျိုးသားများဖြင့် နိုင်ငံရေးပါတီတရပ် ဖွဲ့စည်းခြင်းဖြင့်သော်၎င်း၊ သို့တည်းမဟုတ် တသီးပုဂ္ဂလအနေဖြင့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်းသော်၎င်း ပြုလုပ်ရမည်ဟု ဆိုထားသည်။ မည်သို့ပင်ဖြစ်စေ ရွေးကောက်ပွဲတွင် မည်သူအနိုင်ရရှိရမည် ဆိုသည်ကို နအဖ က ကြိုတင်ဆုံးဖြတ်ထားပြီး သားဖြစ်သဖြင့် ဤကိစ္စမှာ သိပ်အကြောင်းမထူးလှပါဟု KNU သတင်းရပ်ကွက်က ပြောသည်။

ယခင်လအတွင်း အခြေခံစခန်းများ ဆုံးရှုံးသွားခဲ့ရသဖြင့် ကရင်ပြည်နယ် အလယ်ပိုင်းဒေသအတွင်း KNU ၏ အခြေအနေမှာ အလွန်ချိနဲ့သွားခဲ့ပြီဖြစ်သည်။ ဤဒေသအတွင်း အစိုးရတပ်များနှင့် DKBA တပ်ဖွဲ့များ ပိုမိုထိန်းချုပ်ခွင့် ရရှိသွားသည့်အတွက် ဒေသခံလူထုအဖို့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ ပိုမိုလုပ်ဆောင်လာနိုင်တော့မည်ဟု ယူဆရန်မှာမူ မသေချာလှသေးပါ။ ဤဒေသအတွင်း KNU နှင့် တိုက်ခိုက်မှုများ အဆုံးသတ်လုနီးပါး ဖြစ်သွားသည်ဆိုသည်ဟုမူ ပြောနိုင်သည်၊ သို့သော် နယ်စပ်တင်းမာမှု အသစ်များမှာမူ ယခုမှ အစသာ ရှိသေးသည်။

 

Editor's choice

အမွန်းကျပ်ဆုံး အချိန်

ယခင်အာဏာရှင် ဦးနေဝင်းအစိုးရလက်ထက် ဖျက်သိမ်းခံလိုက်ရသော ဟံသာဝတီ သတင်းစာ၏ အယ်ဒီတာ၊ အမျိုးသားဒီမိုကရေစီ ...

ဘန်ကောက်ကို လေဖြတ်အောင် လုပ်ရန် ရှပ်နီများကြံ

ယခုသီတင်းပတ်ကုန်များတွင် အစိုးရဆန့်ကျင်ရေး လူထုဆန္ဒပြပွဲများ ပေါ်ပေါက်နိုင်သဖြင့် ထိုင်းနေပြည်တော်မှာ အရေးပေါ် ...

ရွေးကောက်ပွဲ ဥပဒေက ပြည်ပနေ မြန်မာများအတွက် ပီပြင်မှု မရှိ

စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေက စီးပွားရေးနှင့် နိုင်ငံရေးကြောင့် ပြည်ပတွင် ပြန့်နှံ့ရောက်ရှိနေသော မြန်မာသန်းပေါင်းများစွာ၏ ...

မြန်မာရွေးကောက်ပွဲ ဥပဒေကို စိတ်ပျက်လှကြောင်း အမေရိကန်ပြော

စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၂၁၀၀ ကျော်သော နိုင်ငံရေး ...