ချင်းမိုင်(မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံရှိ အိမ်တွင်းအကူ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးများနှင့် ပတ်သက်ပြီး ကမ္ဘာ့ အလုပ်သမားအဖွဲ့ချုပ် ILO တွင် ပြဌါန်းချက်များ လုပ်ဆောင်နိုင်ရန် ယမန်နေ့က ဆွေးနွေးပွဲတရပ် ပြုလုပ်ခဲ့ကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွှန့်ပေါင်းအစိုးရ (NCGUB) ကပြော သည်။
ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ စီယမ်စီးတီး ဟိုတယ် Siam City Hotel တွင် ပြုလုပ်ခဲ့သည့် ထိုင်းနိုင်ငံအတွင်းရှိ အိမ်တွင်းအကူလုပ်သူများအခွင့်ရေး ‘Domistic Worker Right’ ရရှိရေး ဆွေးနွေးပွဲ၌ NCGUB ကိုယ်စား လှယ်များက တက်ရောက်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့ ဆွေးနွေးတာကတော့ မြန်မာပြည်သား ရွှေ့ပြောင်းအလုပ်သမား အိမ်အကူအလုပ်သမားတွေပေါ့ နော်။ အထူးသဖြင့် အမျိုးသမီးတွေပေါ့။ သူတို့တွေရဲ့ ဘဝလုံခြုံရေးနဲ့ အသက်အန္တရာယ်။ လုပ်ခလစာ မတရား သတ်မှတ်ခံလိုက်ရတာတွေ။ လိင်ပိုင်းဆိုင်ရာ ဆော်ကားခံရတာတွေနဲ့ ပါတ်သတ်ပြီးတော့ ဘန်ကောက်တခုတည်းတော့ မဟုတ်ဘူး။ နေရာပေါင်းစုံမှာ ဖြစ်နေတဲ့ အခြေအနေတွေကို မီးမောင်း ထိုးပြ လိုက်တာပါ” ဟု အဝေးရောက် ညွန့်ပေါင်းအစိုးရ၏ ဒုက္ခသည်နှင့် ရွှေ့ပြောင်းရေးရာဌာန တာဝန်ခံ ကိုသက်ခိုင်က မဇ္ဈိမသို့ပြောသည်။
ယင်းဆွေးနွေးပွဲသို့ ILO မှ အရာရှိများ၊ လူမှုဖူလှုံရေးအဖွဲ့အစည်းများ၊ NGO ဖွဲ့အစည်းများနှင့် ထိုင်း အာဏာပိုင်အဖွဲ့အစည်းများလည်း တက်ရောက်ကြပြီး နံနက် (၉) နာရီမှ ညနေ (၅) နာရီအထိ ပြုလုပ် သွားကြောင်း သိရသည်။
နိုင်ငံတကာရှိ အိမ်တွင်းအကူလုပ်ငန်းလုပ်ကိုင်သူများနှင့် ပါတ်သတ်၍ ၂၀၁၀ ခုနှစ် ILO တွင် ပြဌါန်းချက်များ ပြုလုပ်နိုင်ရေးအတွက် အချက်အလက်များ ရယူစုဆောင်းရန်၊ နိုင်ငံတကာ စံချိန်စံညွန်းများနှင့်အညီ ဥပဒေ ပြဌါန်း သတ်မှတ်နိုင်ရန်၊ အခွင့်အရေးများ ထည့်သွင်းရေးဆွဲနိုင်ရန်တို့ကို ဆွေးနွေးခဲ့ကြသည်။
“အထူးသဖြင့် အိမ်တွင်းအကူ အလုပ်သမားတွေကို နိုင်ငံတကာအဆင့်အတန်း စံချိန်စံညွန်းတွေနဲ့အညီ အလုပ်လုပ်နိုင်ရေး၊ ခံစားပိုင်ခွင့်တွေရရေး အဓိကထားတာပါ။ ထိုင်းအတွက်ရယ်၊ မြန်မာအတွက်ရယ်၊ မလေးရှားအတွက်ရယ်၊ အင်ဒိုနီးရှားအတွက်ရယ် မဟုတ်တော့ဘူး နိုင်ငံတကာမှာရှိတဲ့ အိမ်တွင်းအကူ အလုပ်သမားတွေ အားလုံးအတွက်ကို ဆိုလိုတာပါ” ဟု ညွန့်ပေါင်းအစိုးရ အလုပ်သမားရေးရာဝန်ကြီး ဦးခွန်မြင့်ထွန်းမှ မဇ္ဈိမသို့ပြောသည်။
ထိုင်းနိုင်ငံသည် အိမ်တွင်းအကူအလုပ်သမားများကို ခိုင်းစေနေသည့် နိုင်ငံဖြစ်သကဲ့သို့ နိုင်ငံတကာတွင် လည်း ထိုင်းနိုင်ငံသားများကိုယ်တိုင် အိမ်တွင်းအကူလုပ်ငန်းများ လုပ်ကိုင်နေကြသည်။
တကမ္ဘာလုံးမှာ အိမ်တွင်းအကူအလုပ်သမားပေါင်း သန်းတစ်ရာကျော်ရှိပြိး ယင်းအရေအတွက်သည် တကမ္ဘာလုံးမှ အလုပ်သမားအားလုံး၏ ဆယ်ရာခိုင်နူန်းဖြစ်သည်။







