ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာ စစ်အစိုးရ အနေနှင့် အတိုက်အခံများအကြား တွေ့ဆုံဆွေးနွေးပွဲ စတင်ရန်နှင့် အတိုက်အခံ ခေါင်းဆောင် အောင်ဆန်းစုကြည်အား လွှတ်ပေးရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက သူ၏ မြန်မာပြည် ခရီးစဉ် မစတင်ခင် အင်္ဂါနေ့က တောင်းဆိုလိုက်သည်။
မြန်မာစစ်အစိုးရ အနေဖြင့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေးရန်၊ အစိုးရနှင့် အတိုက်အခံ ခေါင်းဆောင်များအကြား ဆွေးနွေးမှု စတင်ရန်နှင့် ၂၀၁၀ ရွေးကောက်ပွဲကို အယုံအကြည် ရှိစေနိုင်မည့် နိုင်ငံရေးဝန်းကျင်နဲ့ ဥပဒေအခင်းအကျင်းကို ဖန်တီးရန် ဘန်ကီမွန်းက ထပ်မံတိုက်တွန်းခြင်း ဖြစ်သည်။
“ဒါဟာ နိုင်ငံတကာရဲ့ ရည်မှန်းချက်၊ စိုးရိမ်ပူပန်မူ၊ ပန်းတိုင် ဖြစ်ပါတယ်။ ဒါတွေကို ဗိုလ်ချုပ်မှုးကြီး သန်းရွှေနဲ့ တခြား ခေါင်းဆောင်တွေဆီ သယ်ဆောင်သွားမှာပါ” ဟု ဘန်ကီမွန်းက ပြောဆိုသည်သာမက အခြား အောက်ခြေ အဖွဲ့အစည်းများနှင့်ပါ တွေ့ဆုံဆွေးနွေးသွားရန် မျှော်လင့်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။
၅ နိုင်ငံ ခရီးစဉ်ဖြင့် လာရောက်သော သူ၏ ခရီးစဉ်ကို အသုံးချကာ လိပ်ခဲတည်းလည်း မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်သော နိုင်ငံတကာ အသိုင်းအဝန်း၏ စိုးရိမ် ပူပန်ချက်များကို အလေးအနက်ထားကာ အင်ပြည့်အားပြည့် ဖြစ်နိုင်ခြေများဖြင့် ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု သတင်းထောက်များကို ဂျပန်တွင် ပြောဆိုခဲ့သည်။
“ကျနော်သွားမယ့် အချိန်မှာ ဒေါ်စုရဲ့အမှု ကြားနာမှု ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ အဲဒါ ကျနော် အတော်ပဲ နိုးနိုးကြားကြား ရှိပါတယ်။ တချိန်ထဲမှာ အချိန်ကောင်း၊ အခါကောင်းရဖို့ ဆိုတာလည်း ကျနော့်အတွက် စိန်ခေါ်မှု တရပ်လည်းပဲ ဖြစ်ပါတယ်” ဟု မစ္စတာ ဘန်က ပြောသည်။
အထိန်းသိမ်းခံ ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် မေလအစောပိုင်းက သူ၏ နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်လာသော အမေရိကန်နိုင်ငံသား ဂျွန် ဝီလျံ ယက်တောကို တည်းခိုခွင့်ပေးသည်ဟုဆိုကာ အကျယ်ချုပ် စည်းကမ်း ချိုးဖောက်မှုသဖြင့် ယခုအခါ တရားရင်ဆိုင်နေရသည်။
ဂျပန်နိုင်ငံတွင် ရောက်ရှိနေသည့် မစ္စတာ ဘန်သည် မြန်မာနိုင်ငံသို့ လာမည့် သောကြာနှင့် စနေနေ့ နှစ်ရက်ကြာ သွားရောက်မည်။ သူသည် သူ၏ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ မြန်မာပြည်သို့ ပြီးခဲ့သည့်အပတ်က သွားရောက်ခဲ့ပြီးနောက် မြန်မာပြည်သို့ သွားရောက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေး စေ့စပ်ဆောင်ရွက်ပေးရန်အတွက် ခန့်အပ်ခံထားရသော မစ္စတာ ဂမ်ဘာရီသည် မြန်မာနိုင်ငံသို့ ၈ ကြိမ်တိုင် လည်ပတ်ပြီး ဖြစ်သည်။ အတိုက်အခံများနှင့် နိုင်ငံရေး လေ့လာသုံးသပ်သူများက မစ္စတာ ဂမ်ဘာရီအနေနှင့် သူ၏ လုပ်ငန်းစဉ်နှင့် ပတ်သက်၍ အကောင်အထည် ဖော်နိုင်ခြင်း မသေးကြောင်း ပြောဆိုဝေဖန်ကြသည်။







