ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီ (Burma Lawyer’s Council- BLC) ကို စစ်အစိုးရက မတရား အသင်းအဖြစ် ကြေညာခြင်းမှာ နိုင်ငံတကာ ဥပဒေ အရသာမက ပြည်တွင်း ဥပဒေဖြင့်ပင် တရားမဝင်ဟု BLC က ပြောဆိုလိုက်သည်။
မြန်မာစစ်အစိုးရက ဧပြီလ ၃၀ ရက်နေ့က BLC ကို မတရားအသင်းများ အက်ဥပဒေ ပုဒ်မ ၁၆ အရ မတရားအသင်း အဖြစ်၊ BLC နှင့် ဆက်နွှယ်သည့် အသင်းအဖွဲ့များကို မတရားအသင်းများ အက်ဥပဒေ ပုဒ်မ ၁၅၊ ပုဒ်ခွဲ(၂) ပါ အဓိပ္ပါယ် ဖော်ပြချက်များနှင့် အညီ မတရား အသင်း ဖြစ်ကြောင်း ကြေညာခဲ့သည်။
“၁၉၀၈ ခုနှစ် မတရားအသင်း ဥပဒေဆိုတာက တရားဝင်အစိုးရ တရပ်ကသာ ကြေညာခွင့် ရှိတာဖြစ်တယ်။ သူ့ရဲ့ သမတက ကြေညာရမှာ ဖြစ်တယ်။ အခု ကြေညာတဲ့ အဖွဲ့အစည်းက တရားဝင် အဖွဲ့လည်း မဟုတ်ဘူး။ သမတလည်း မဟုတ်ဘူး။ ဥက္ကဌဆိုတဲ့ ပုဂ္ဂိုလ်က ကြေညာတာ။ အတိအလင်း ပြောရမယ် ဆိုရင်တော့ တရားမဝင် အာဏာသိမ်းထားတဲ့ စစ်ကောင်စီတရပ်ကနေပြီးတော့ တရားဝင်အစိုးရနဲ့ တရားဝင် သမတကသာ ကြေညာခွင့် ရှိတဲ့ ရှိသင့်တဲ့ ရှိရမယ့်ဟာကို ဆန့်ကျင်ပြီးတော့ ကြေညာတာဟာ ဥပဒေနဲ့ ဆန့်ကျင်တယ်” ဟု BLC အတွင်းရေးမှူး ဦးအောင်ထူးက ဆိုသည်။
မတရားအသင်း ဥပဒေ ပုဒ်မ ၁၆ မှာ သမတက ကြေညာခွင့် ရှိသော်လည်း ပုဒ်မ ၁၅(၂) မှာ ပြဌာန်းထားသည့် အသင်းဝင်များ အကြမ်းဖက်မှု ကျူးလွန်ခြင်း၊ ခြိမ်းခြောက်မှု ကျူးလွန်သည့် ပုဂ္ဂိုလ်များကို အားပေးခြင်းများကို လုပ်ဆောင်နေမှသာ မတရားအသင်းအဖြစ် ကြေညာနိုင်သည်။
အကြမ်းဖက်မှု ကိစ္စရပ်များ မကျူးလွန်ဘဲ ဥပဒေ ကိစ္စများကိုသာ လုပ်ကိုင်နေသည့် အဖွဲ့ကို မတရားအသင်း ကြေညာခြင်းသည် ဥပဒေနှင့် ဆန့်ကျင်ကြောင်းထောက်ပြပြောဆိုသွားသည်။
ကရင်ပြည်နယ် မာနယ်ပလော လွတ်မြောက်နယ်မြေတွင် ၁၉၉၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံ ရှေ့နေများကောင်စီသည် စစ်အစိုးရ၏ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းကို မတရားအသင်း ဥပဒေ ၁၅ (၂) တွင် ပြဌာန်းချက် အရ အကြမ်းဖက်မှု ကျူးလွန်နေသည်ကို တွေ့ရှိရကြောင်း၊ တရားဥပဒေ အရ တရားဝင်ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်ခြင်းကြောင့် မတရား အသင်း အဖြစ် ကြေညာသင့်ကြောင်း ထုတ်ပြန်ထားသည်။
ယင်းအပြင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော အဖွဲ့များကို တရားဝင် အသင်းအဖြစ် ပြန်လည်ကူးပြောင်းခြင်း မရှိဘဲ စစ်အစိုးရနှင့် ရပ်တည် လှုပ်ရှားနေပြီး တရားဝင် အသင်းပုံစံ ရပ်တည် လှုပ်ရှားနေခြင်းကလည်း ဥပဒေ စိုးမိုးရေးနှင့် ဆန့်ကျင်နေကြောင်း ထုတ်ဖော် ပြောကြားထားသည်။
မြန်မာနိုင်ငံတွင် လက်နက်အားကိုးခြင်း မလုပ်ဘဲ ငြိမ်းချမ်းတည်ငြိမ်မှု ရှိရေးမှာ တရားဥပဒေ စိုးမိုးရေးမှာ တခုတည်းသော နည်းလမ်းဖြစ်ကြောင်း BLC ကဆိုသည်။
“မြန်မာနိုင်ငံတွင်းမှာ ဖြစ်နေတဲ့ နိုင်ငံတကာ အဆင့် အရေးယူ ဆောင်ရွက်ရမယ့် International Crime ပေါ့။ အဲဒီ ပုဂ္ဂိုလ်တွေကို စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာ တရားရုံးမှာ တင်လို့ရနိုင်တဲ့ အထိဖြစ်လာအောင် အဓိက ကြိုးပမ်းနေတဲ့ အဖွဲ့အစည်း တခုအဖြစ်နဲ့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီကို အခုလို လုပ်ဆောင်နေမှုတွေ အရှိန်ရလာတဲ့ ကာလမှာ အခုလိုလုပ်တာဖြစ်ပါတယ် ” ဟု BLC အတွင်းရေးမှူးက ဆိုသည်။
ယင်းကြေညာချက်ကြောင့် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်နေသော ပူးပေါင်းဆောင်ရွက်ရန် လုပ်ဆောင်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကိုပါ ခြိမ်းချောက်နေသော သဘော သက်ရောက်နေသည်ဟု ဆိုသည်။
စစ်အစိုးရ၏ ကြေညာချက်မှာ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ( BLC ) သာမက ၄င်းနှင့်တွဲဖက်ဆောင်ရွက်နေသည့် အဖွဲ့များကိုလည်း မတရား အသင်းအဖြစ်ကြေညာခဲ့သည်။
“မြန်မာနိုင်ငံ ရှေ့နေများကောင်စီနှင့် ဆက်နွှယ်နေရုံနဲ့ မတရားအသင်း ကြေညာရမယ်ဆိုတာက မြန်မာနိုင်ငံ သမိုင်းမှာ ရှိကို မရှိဖူးဘူး။ ဥပဒေထဲမှာ လုံးဝ မရှိဘူး။ ဒီလိုမျိုး လုပ်ဆောင်ချက်က လုံးဝ မလုပ်သင့်တဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ ဆန့်ကျင်မှုမျိုးလို့ဘဲ ပြောချင်တယ်” ဟု BLC ကပြောကြားသည်။
စစ်အစိုးရ အနေဖြင့် နိုင်ငံတကာ လှုပ်ရှားမှုများ ပေါ်လာပြီး ဥပဒေစိုးမိုးရေး လုပ်ဆောလာကာ စစ်ရာဇဝတ်မှုများ ပေါ်ပေါက်လာအောင် တရားစွဲဆိုမှုများ ပေါ်ပေါက်လာမည်ကို စိုးရိမ်နေကြောင်းလည်း BLC ကပြောဆိုလိုက်သည်။







