သတင်း ဒေသန္တရသတင်း ကလေးစစ်သားအရေး နိုင်ငံတကာက ပိုမိုအာရုံစိုက်ရန် HREIB တောင်းဆို
ကလေးစစ်သားအရေး နိုင်ငံတကာက ပိုမိုအာရုံစိုက်ရန် HREIB တောင်းဆို Print E-mail
ဖနိဒါ   
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 19 2008 20:23 - မြန်မာစံတော်ချိန်


ချင်းမိုင်။     ။ မြန်မာနိုင်ငံအတွင်း လက်နက်ကိုင် ပဋိပက္ခများတွင် ကလေးစစ်သားများ အသုံးပြုနေမှုများ ရှိနေဆဲဖြစ်ပြီး ကလေးသူငယ် အခွင့်အရေးများ ဖောက်ဖျက်နေခြင်းအပေါ် နိုင်ငံတကာ အသိုင်းအ၀ိုင်းက အာရုံစိုက် အရေးယူမှု အထူးလိုအပ်နေသည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောဆိုလိုက်သည်။

"မေ့လျော့ခံ အနာဂတ်များ" (Forgotten Future) အမည်ရှိ အစီရင်ခံစာအား ၂၀၀၇ ခုနှစ် အောက်တိုဘာလမှ ၂၀၀၈ခုနှစ် မတ်လအတွင်း မြန်မာ၊ အိန္ဒိယ၊ ထိုင်း၊ တရုတ်နယ်စပ်များနှင့် မြန်မာနိုင်ငံတွင်းရှိ ပြည်တွင်း ဒုက္ခသည်စခန်းများတွင် သွားရောက်ကာ ကလေးစစ်သားပေါင်း ၁၁၉ ဦးနှင့် တွေ့ဆုံမေးမြန်းပြီး ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးပညာပေးအဖွဲ့ (မြန်မာနိုင်ငံ) HREIB က ပြုစုရေးသားကာ ယခုလို ထုတ်ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

"မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခကြားမှာ ရှိနေတဲ့ ကလေးတွေဟာ ပျော်ရွှင်မှု၊ ကျေနပ်အားရမှုတွေ မရှိပါဘူး။ ကလေးတွေရဲ့ ဘ၀ဟာ ကြည်နူးပျော်ရွှင် တက်ကြွလန်းဆန်းတဲ့ အခြေအနေမျိုး မရှိဘဲ ကြေကွဲဝမ်းနည်း နေကြပြီးတော့ အနာဂတ်မေ့ခံ ထိနေတဲ့ ကလေးအနေအထားနဲ့ ရပ်တည်နေတာ တကယ် စိတ်မကောင်းစရာပါ။ ဒါကြောင့် လူ့အခွင့်အရေး ဒီမိုကရေစီအရေး လုပ်နေသူတွေလည်း ကလေးတွေရဲ့ အခွင့်အရေး တိုးတက်ရေးတွေကိုလည်း ပူးပေါင်းပါဝင် လုပ်ဆောင်ကြပါလို့ ပြောချင်ပါတယ်" ဟု HREIB ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။

တွေ့ဆုံမေးမြန်းမှုများကို ကလေးစစ်သား မိဘများ၊ ကျောင်းဆရာ ဆရာမများ၊ အဖွဲ့အစည်းခေါင်းဆောင်များ၊ လက်နက်ကိုင် အဖွဲ့အစည်းများ၊ အလုပ်သမားများနှင့် ပြုလုပ်ထားခြင်းဖြစ်ပြီး၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၁၆၁၂ တွင် ပါရှိသော ကလေးအခွင့်အရေး ချိုးဖောက်မှု ၆ ချက်ကို အဓိကထား၍ စုံစမ်းဖော်ထုတ် တင်ပြထားကြောင်း သိရသည်။

အဆိုပါအချက်များမှာ ကလေးများကို သတ်ဖြတ်မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ ဖမ်းဆီးမှု၊ စစ်သားအဖြစ် အသုံးချမှု၊ လူသားချင်း စာနာမှု အကူအညီများပေးခြင်းကို ငြင်းပယ်မှု၊ ကလေးများရှိနေသည့် ကျောင်းများ ဆေးရုံများတွင် တိုက်ခိုက်မှု စသည်တို့ဖြစ်သည်ဟု ဆိုသည်။

နအဖ စစ်တပ်အတွင်းတွင် ကလေးစစ်သားအသုံးပြုမှု ဦးရေ  ၇ သောင်းကျော်ရှိပြီး တစထက်တစ တိုးလာသည် ဟု ဒေသတွင်း လူ့အခွင့်အရေး အဖွဲ့တခုဖြစ်သော အာရှလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဆိုသည်။  

မြန်မာစစ်အစိုးရက ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ နအဖ စစ်တပ်အတွင်း ကလေးစစ်သားများ အသုံးပြုနေဆဲဖြစ်ကြောင်း သတိပေးမှုများကို တစိုက်မတ်မတ် ငြင်းဆိုပယ်ချခဲ့သည်။

ကရင်အမျိုးသား အစည်းအရုံး၊ ကရင်နီတပ်မတော်၊ ကချင်ဒီမိုကရေစီသစ် တပ်မတော်၊ ချင်းအမျိုးသား တပ်မတော်နှင့် ကချင်အမျိုးသား လွတ်မြောက်ရေး အဖွဲ့များကိုလည်း ကလေးစစ်သား အသုံးပြုမှုများ ရပ်တန့်ရန် လူ့အခွင့်အရေး ပညာပေးအဖွဲ့ (မြန်မာနိုင်ငံ) မှ စည်းရုံး လှုံ့ဆော်နေကြောင်း သိရသည်။


 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved