သတင်း ဒေသန္တရသတင်း စင်္ကာပူ စီးပွါးရေးကျ၍ မြန်မာနိုင်ငံသို့ ပြန်လွှဲပို့ငွေများ ထိခိုက်
စင်္ကာပူ စီးပွါးရေးကျ၍ မြန်မာနိုင်ငံသို့ ပြန်လွှဲပို့ငွေများ ထိခိုက် Print E-mail
ဂျွန်မိုး   
အင်္ဂါနေ့၊ နိုဝင်ဘာလ 18 2008 13:39 - မြန်မာစံတော်ချိန်


စင်္ကာပူ (မဇ္ဈိမ)။     ။ မကြာသေးခင် နှစ်များက သန်းပေါင်းများစွာသော ဒေါ်လာငွေများ ငွေလွှဲလုပ်ငန်းများမှတဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိ သွားခဲ့ကြသည်။ ဤလုပ်ငန်းကို ခြင်္သေ့မြို့တော်ရှိ ဈေးဆိုင်များ၊ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများတဆင့် လုပ်ကိုင်ကြခြင်း ဖြစ်သည်။  

မည်သို့ပင်ဖြစ်စေ စက်တင်ဘာလအတွင်းက စတင်ခဲ့သော ကမ္ဘာလုံးဆိုင်ရာ ငွေကြေး အကြပ်အတည်းကြောင့် စင်္ကာပူ မြန်မာ ငွေလွှဲလုပ်ငန်းလည်း ထိခိုက်ခဲ့ရသည်။ စင်္ကာပူနိုင်ငံသည် စီးပွါးရေး ကျဆင်းမှုနှင့် ကြုံနေရပြီ ဖြစ်ကြောင်း အောက်တိုဘာလအတွင်းက တရားဝင် ထုတ်ပြန် ကြေငြာခဲ့ပြီးနောက် စင်္ကာပူတွင် အလုပ် လုပ်ကိုင်နေသော မြန်မာများ၊ အလုပ်အကိုင် ရှာဖွေရန် လာရောက်သူ မြန်မာများအနေဖြင့်  ယခင်ထက် ပို၍ အခက်အခဲများနှင့် ကြုံတွေ့နေကြရသည်။  

"စီးပွါးရေးကတော့ ထိခိုက်နေပြီ၊ ရှေ့မှာ ပိုဆိုးဦးမယ်၊ ဒီအကျိုးကြောင့် မြန်မာနိုင်ငံက ပို့ကုန်လုပ်ငန်းလုပ်သူတွေလဲ အများကြီး ထိခိုက်တာဘဲ၊ အထူးသဖြင့် စင်္ကာပူကို ရာဘာ၊ ကျောက်မျက်၊ သစ် နဲ့ စိုက်ပျိုးရေး ထုတ်ကုန်တွေ ပို့နေတဲ့ လုပ်ငန်းတွေ ထိခိုက်ကုန်ကြတယ်" ဟု ပီနန်ဆူလာပလာဇာ (Peninsula Plaza) မှ အမည်မဖေါ်လိုသူ စီးပွါးရေး သမားတဦးက မဇ္ဈိမကို ပြောပါသည်။  

မြန်မာအလုပ်သမားများကို အကြီးအကျယ် မထိခိုက်သေးသော်လည်း သုံးစွဲရာတွင်မူ အတော်သတိထား၍ စစ်စစ်စီစီ သုံးစွဲနေကြရသည်ဟု ဆိုသည်။ ရနံ့သစ် စားသောက်ဆိုင်ပိုင်ရှင် ကိုဘိုဘိုဝင်းက "ကျနော်တို့ ဆိုင်ကို လာနေကျ ဖောက်သည်တွေ သီတင်းပတ်ကုန် စနေ တနင်္ဂနွေတွေမှာ မလာကြတော့ဘူး။ အရောင်းက အတော်ကျသွားတာ။ ကျနော်တို့မှာ အရင်းကြေရုံလေးဘဲ ရှိတယ်" ဟု ပြောပါသည်။

စင်္ကာပူရောက် မြန်မာများမှာ ယခုအခါ မသုံးမဖြစ် ကိစ္စများအတွက်သာ ဝယ်ယူ သုံးစွဲနေကြရပြီး အပို ကုန်ကျစရာများကို ရှောင်ရှားနေကြရသည်။ "ဘဏ္ဍာရေးဈေးကွက် ကမောက်ကမ ဖြစ်သွားကတဲက ရောင်းကြေးလည်း ၁ဝ %ကျော် ကျသွားတယ်" ဟု အဆိုပါ စားသောက်ဆိုင် ပိုင်ရှင်က ဆက်လက် ပြောဆိုပါသည်။

ယခုအခါ မြန်မာစီးပွါးရေး လုပ်ငန်းရှင်များ အနေဖြင့် အရောင်းမြှင့်တင်ရေး လုပ်ငန်းများကို ပိုမို လုပ်ကိုင်နေကြရပြီး၊ လျော့နည်းသွားသော ဖောက်သည်များ ပြန်ရအောင် ကြိုးစားနေကြရသည်။

ထို့ပြင် ဤကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး အကြပ်အတည်းကြောင့် စင်္ကာပူသို့ ခုမှ ရောက်ရှိလာကြသူများ အနေဖြင့် ဤ စီးပွါးရေး ကျဆင်းချိန်အတွင်း အလုပ်အကိုင် ရှာမရသောကြောင့် မြန်မာနိုင်ငံသို့ လက်ချည်းသက်သက်ဖြင့် ပြန်သွားနေကြရသည်။

အလုပ်လုပ်ခွင့်ပါမစ် (EP) ကိုင်ထားသူ မြန်မာပညာရှင်များ အနေဖြင့်လည်း ကုမ္ပဏီများက ဝန်ထမ်းများ လျှော့နေမှုကြောင့် အလားတူ ပြဿနာများကို ကြုံနေကြရသည်။

ပညာရှင်တဦးလည်းဖြစ်၊ EP ကိုင်ထားသူလည်း ဖြစ်သည့် မနွေးနွေးနိုင်သည် အခြား မြန်မာဗိသုကာနှင့် ဒီဇိုင်နာ ၈ ဦးနှင့်အတူ Smallwood, Reynolds, Stewart & Stewart (SRSS) ကုမ္ပဏီများမှ လူလျှော့ရာတွင် ပါသွားခဲ့ကြသည်။ သို့သော် ကုမ္ပဏီများက သူတို့၏ EP များကို ပယ်ဖျက်ခြင်း မလုပ်သေးဘဲ အလုပ်သစ်ရှာရန် နောက်တလ ခွင့်ပြုထားသည်။ ၆ ပတ်အတွင်း အလုပ်မရပါက သူတို့လည်း မြန်မာနိုင်ငံသို့ ပြန်ကြရတော့မည် ဖြစ်သည်။

"ကုမ္ပဏီမှာ အမြင့်ဆုံး စီမံခန့်ခွဲရေး ဝန်ထမ်းက အောက်ဆုံး အငယ်တန်း ဝန်ထမ်းအထိ စုစုပေါင်း ဝန်ထမ်းဦးရေ ၁၃၅ ယောက် ရှိတယ်။ ကုမ္ပဏီကို ပြန်လည်ပြုပြင် ဖွဲ့စည်းတဲ့အခါ ပြင်သစ်၊ ဖိလိပိုင်၊ မလေးရှား၊ အင်ဒိုနီးရှား ဝန်ထမ်းတွေအပါ အဝင် ဝန်ထမ်း ၅ဝ အလုပ် ဖြုတ်ခံရတယ်" ဟု မနွေးနွေးနိုင်က မဇ္ဈိမကို ပြောပါသည်။

ဤအတောအတွင်း အမြဲတမ်းနေထိုင်ခွင့် (PR) ရထားသူ မြန်မာနိုင်ငံသား အလုပ်လက်မဲ့များ အနေဖြင့် အလုပ်ရှာနေစဉ် နေလို့ထိုင်လို့ ဖြစ်အောင် ကြိုးစားနေကြရသည်။

"ကျမ စင်္ကာပူမှာ အလုပ်ရှာနေတာ ၃ လကျော်နေပြီ၊ အခုထိ မရသေးဘူး" ဟု ၀ါဏ္ဏိဇဘွဲ့ရထားသူ မြန်မာနိုင်ငံမှ အသက် ၂၅ နှစ်ရှိ မသီရိစန္ဒာထွန်းက ပြောပါသည်။

"ကျမအဖေက ဒီမှာ ကျမရဲ့ နေထိုင်စရိတ်အတွက် တလကို ဒေါ်လာ ၈ဝဝ ပို့ပေးပါတယ်။ ဒါပေမဲ့ ကျောင်းလခ အပါအဝင် ၆ လအတွင်း ကျမ ဒေါ်လာ ၁ သောင်းကျော် ကုန်သွားပြီးပြီ" ဟုလည်း သူမက ဆက်လက် ပြောဆိုသွားခဲ့ပါသည်။

စီးပွါးရေး စီမံအုပ်ချုပ်မှုဘွဲ့ ရထားပြီး ရန်ကုန်မြို့ရှိ Ginzarpan Pizza Hut တွင် စီမံအုပ်ချုပ်မှု မန်နေဂျာ လုပ်ခဲ့သူ မခိုင်ဇာလွင် (၂၄ နှစ်) သည်လည်း စင်္ကာပူရှိ စားသောက်ဆိုင် တဆိုင်တွင် စားပွဲထိုး လုပ်နေရပြီး၊ အလုပ် ပိုလုပ်ရသော်လည်း လုပ်ခမှာ ပုံမှန်ထက်ပင် လျှော့ပေးခြင်း ခံရသည်။

"ကျမှမှာ တခြားရွေးစရာလဲ မရှိဘူး၊ ပွဲစားကို ပေးခဲ့ရတာတွေလဲ ထည့်စဉ်းစားရတော့ မြန်မာပြည်ကို ဘာမှမပါဘဲ ပြန်မသွားချင်ဘူးလေ" ဟု မခိုင်ဇာလွင်က စိတ်ပျက်လက်ပျက် ပြောပါသည်။ သူမ၏ လစဉ်ဝင်ငွေ (ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၆၅ဝ ခန့်) မှ ၆ဝ % ကို နေထိုင် စားသောက်စရိတ်နှင့် လမ်းစရိတ်အတွက် သုံးရပြီး ကျန် ၄ဝ% ကို အိမ်ပြန်ပို့နိုင်သည်ဟု ဆိုသည်။ ဤငွေပမာဏမှာ မြန်မာနိုင်ငံတွင် စားပွဲထိုးလုပ်လျှင် မည်သို့မျှ မရနိုင်သော အလွန် ကြီးမားသည့် ဝင်ငွေ ဖြစ်သည်။

လက်ရှိ စင်္ကာပူနိုင်ငံ၏ စီးပွါးရေး အခြေအနေမှာ ကျွန်းနိုင်ငံပေါ်တွင် နေထိုင်သော မြန်မာနိုင်ငံသားများအတွက် အလွန်ခက်ခဲသည့် အခြေအနေ ဖြစ်သည်။ ခမ်းနားကြီးကျယ်လှသော အနုပညာ အဆောက်အအုံတွေ၊ စာသင်ကျောင်းတွေ၊ ကုန်တိုက်ကြီးတွေ၊ အားကစားနဲ့ အပန်းဖြေနေရာ ဌာနတွေသည် အနောက်နိုင်ငံများ၏ အဆင့်အတိုင်း ဖြစ်ပြီး ငွေလဲ ကောင်းကောင်းပေးရသည်။

ဤကမ္ဘာလုံးဆိုင်ရာ စီးပွါးရေး အကြပ်အတည်း မတိုင်ခင်က မြန်မာအလုပ်သမားများ ရရှိခဲ့သော ခံစားခွင့်များက စင်္ကာပူသည် သူတို့အဖို့ နေချင့်စဖွယ် ပျော်စရာအတိ ပြီးစေခဲ့သည်။ ဘဝသစ်သို့ လွယ်လွယ်ူကူဘဲ ရောက်သွားခဲ့ကြသည်။ ကိုယ်တတ်နိုင်တဲ့ဈေးနဲ့ နေစရာ အိမ်တွေ ရခဲ့ကြသည်။ ယခုတော့ အခြေအနေများမှာ ပို၍ ခက်ခဲလာနေပြီး စင်္ကာပူရောက် မြန်မာများအဖို့ စားဝတ်နေရေး ဖူလုံရုံပင်မနဲ ရုန်းကန်နေကြရသည်။

အလုပ်လက်မဲ့ ဖြစ်နေခြင်းကြောင့် မနွေးနွေးနိုင်လဲအိမ်ကို ငွေပြန်မပို့နိုင်တော့။ ထို့ကြောင့် ယခုအခါ မြန်မာနိုင်ငံရှိ မိသားစုအများ မှီခိုနေကြရသည့် မြန်မာ စင်္ကာပူ ငွေလွှဲလုပ်ငန်း စနစ်ကြီး တခုလုံးမှာ အခြေအနေမဟန် ဖြစ်နေရသည်။ စင်္ကာပူရောက် မြန်မာများမှာ ဘဏ္ဍာရေး အကြပ်အတည်းတွင် ရှင်သန်ကျန်ရစ်ခဲ့အောင် လုံးပန်းနေကြရသလို ခြင်္သေ့မြို့တော် စီးပွါးရေး ကျားကြီးကလည်း အရင်လို စီးပွါးရေးအရ ကျားလိုဟိန်းနိုင်အောင် အပြင်းအထန် တိုက်ပွဲဆင်နေရသည်။


 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved