သတင်း ဒေသန္တရသတင်း 'ဓမ္မနဲ့ အဓမ္မတိုက်ပွဲ" မပြီးသေးဟု လှုပ်ရှားတက်ကြွသူများပြော
'ဓမ္မနဲ့ အဓမ္မတိုက်ပွဲ" မပြီးသေးဟု လှုပ်ရှားတက်ကြွသူများပြော Print E-mail
မြင့်မောင်   
တနင်္လာနေ့၊ နိုဝင်ဘာလ 17 2008 19:37 - မြန်မာစံတော်ချိန်


နယူးဒေလီ။     ။ တက်ကြွလှုပ်ရှားသူများအား နှစ်ရှည်ထောင်ဒဏ်များ ချမှတ်နေသော်လည်း စစ်အစိုးရအနေဖြင့် အနိုင်ရသွားခြင်း မဟုတ်ကြောင်း နယူးဒေလီရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများက ယုံကြည်ကြသည်။

ယနေ့ကျရောက်သည့် ၆၉ နှစ်မြောက် နိုင်ငံတကာ ကျောင်းသားများနေ့ အထိမ်းအမှတ်အဖြစ် မြို့တော် နယူးဒေလီတွင် ကျင်းပသည့် အခမ်းအနား၌ သူတို့က တညီတညွတ်တည်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။  

"အခု လုပ်နေတာက မတရားဖမ်းဆီး ညှဉ်းပန်းနှိပ်စက်၊ သတ်ဖြတ် အကျဉ်းချနေတာ။ အဲဒါ အဓမ္မ။ မတရားမှုဟာ ဥပဒေဖြစ်လာတဲ့အခါ တော်လှန်ပုန်ကန်ဖို့ လိုအပ်တယ်။ ဓမ္မနဲ့ အဓမ္မတိုက်ပွဲက မပြီးဆုံးသေးပါဘူး။ တိုက်ပွဲကို ပြီးဆုံးသည့်တိုင်အောင် စည်းလုံးညီညွတ်မှုနဲ့အတူ တိုက်ပွဲဝင်သွားမယ်" ဟု အရှင် ဦးပညာသီရိက အခမ်းအနားတွင် မိန့်ကြားသည်။  

ဦးပညာသီရိသည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့က ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်းရှိ လင်တန် ရဲဘက်စခန်းမှ အိန္ဒိယနိုင်ငံအတွင်း ထွက်ပြေးလွတ်မြောက်လာသူ အကျဉ်းကျခံခဲ့ရသည့် သံဃာတော်တပါး ဖြစ်သည်။

''ပြည်သူတရပ်လုံး လွတ်မြောက်နိုင်ဖို့အတွက် ရှေ့တန်းက သွေးချောင်းစီးတဲ့ တိုက်ပွဲတွေကို ဦးဆောင်နေတာက ထုထည်ကြီးမားတဲ့ ကျောင်းသားလူငယ်တွေဖြစ်တယ်။ အာဏာရှင်တွေက ဘယ်လိုပဲ နှိမ်နင်းနေပါစေ တော်လှန်ရေး၊ ဒီမိုကရေစီရေးအတွက် ပေါင်းကူးတံတားအဖြစ် ဆက်ပြီးတော့ တိုက်ပွဲဝင်နေကြအုံးမှာ ဖြစ်တယ်'' ဟု ရခိုင်အမျိုးသားကောင်စီ (ANC) မှ တွဲဖက်အတွင်းရေးမှူး (၂) ကိုမောင်လူကြီးက ပြောသည်။

၁၉၈၈ ခုနှစ် ရှစ်လေးလုံး လှုပ်ရှားမှုအပြီး စစ်အာဏာသိမ်းပြီးနောက် အိန္ဒိယနိုင်ငံသို့ ထွက်ခွာလာခဲ့သည့် ၈၈ ကျောင်းသားများ အများအပြားဖြင့် ၁၉၉၄ ခုနှစ် ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် (ABSL) မှ ဥက္ကဌဖြစ်သူ ကိုကျော်သန်းကလည်း ပြည်တွင်းရှိ ကျောင်းသားထုသည် စစ်အာဏာရှင်စနစ်အား ဖိနှိပ်မှုကြားကပင် ဆက်လက် တိုက်ပွဲဝင်သွားမည်ဟုသာ ယုံကြည်ကြောင်း ပြောသည်။

"ကျောင်းသားတွေကို ဒီမိုကရေစီ တောင်းရုံနဲ့ နှစ်ရှည်ထောင်ဒဏ် ချမှတ်တယ်။ ကမ္ဘာမှာ မကြုံဖူးတဲ့ ဖိနှိပ်မှုတွေ ခံနေရတယ်။ တိုက်ပွဲတွေက ဆက်ရှိနေတယ်။ ၆၅ နှစ် နှစ်ရှည်ထောင်ဒဏ် ချလိုက်တဲ့ အပေါ်မှာ ကျောင်းသားခေါင်းဆောင်ဖြစ်တဲ့ ကိုမင်းဇေယျာက '၆၅ နှစ်တဲ့လားကွာ' ဆိုတဲ့ စိန်ခေါ်တဲ့ စကားတွေက ကျောင်းသားထုတွေထဲမှာ ဗမာကျောင်းသားထုရဲ့ သတ္တိနဲ့ ပိုင်းဖြတ်မှုတွေကို ကိုယ်စားပြုတဲ့ သဘော ရှိတယ်" ဟု  ကိုကျော်သန်းက ပြောသည်။  

နိုင်ငံတကာ ကျောင်းသားများနေ့အဖြစ် ပေါ်ပေါက်လာပုံမှာ ၁၉၃၉ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် နာဇီဖက်ဆစ်များက ချက်ကိုစလို ဗက်ကီးယားနိုင်ငံအား သိမ်းပိုက်မှုနှင့် ဖက်ဆစ်ဝါဒကို ပရာဂ် (Prague) တက္ကသိုလ်မှ ကျောင်းသားများက ရဲဝံ့စွာ အာခံခဲ့ကြရာ ကျောင်းသားတဦး ကျဆုံးခဲ့ပြီး ကျောင်းသား ၁၂ ဦးအား ခုံရုံးမှ အပြစ်ပေး ကွပ်မျက်ခဲ့သလို၊ ထောင်ပေါင်းများစွာသော ကျောင်းသားများအား ဖိနှိပ်ရေး အကျဉ်းစခန်းများသို့ ပို့ဆောင်ခံရမှုမှ စတင်ခဲ့သည်။ ထိုစဉ်က နိုင်ငံတ၀ှမ်းရှိ တက္ကသိုလ် ကောလိပ်များကိုလည်း ပိတ်ပစ်ခံခဲ့ရသည်။  

၁၉၄၁ ခုနှစ်တွင် လန်ဒန်မြို့၌ ကျင်းပသော နိုင်ငံတကာ ကျောင်းသားများ ကောင်စီမှ နိုဝင်ဘာလ ၁၇ ရက်နေ့ကို နိုင်ငံတကာ ကျောင်းသားများနေ့အဖြစ် သတ်မှတ်ကာ အာဏာရှင်နှင့် ဖိနှိပ်မှု၊ သွေးစုတ်မှုများအား ဆန့်ကျင်သည့် ရည်ရွယ်ချက်ဖြင့် ကမ္ဘာတ၀ှမ်းရှိ ကျောင်းသားအဖွဲ့အစည်းများက အခမ်းအနားများ ကျင်းပခဲ့ကြသည်။ နိုင်ငံပေါင်း ၁၂၀ ခန့်မှ ကျောင်းသားအဖွဲ့အစည်း ၁၆၀ ခန့် ပါဝင်ဖွဲ့စည်းထားသည့် International Union of Students ၊  International Union of Sodalist Youth နှင့် World Federation of Democratic youth က အခမ်းအနားများကို ဦးစီးကာ ပိုစတာများ၊ လက်ကမ်းစာစောင့်များ ထုတ်ဝေဖြန့်ဝေကာ နှစ်စဉ် ကျင်းပလာခဲ့ကြသည်။  

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များဖြစ်သည့် ကိုမင်းကိုနိုင်နှင့် ကိုကိုကြီး အပါအ၀င် ခေါင်းဆောင် ၂၁ ဦးထက်မနည်း ထောင်ဒဏ် ၆၅ နှစ်အထိ မြန်မာစစ်အစိုးရက ပြစ်ဒဏ်ချခဲ့သလို၊ အခြားသော ကုန်ဈေးနှုန်းကျဆင်းရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးအတွက် တောင်းဆိုဆန္ဒပြခဲ့သူ အန်အယ်ဒီ ပါတီဝင်များ၊ သံဃာတော်များနှင့် လူ့အခွင့်အရေးသမားများကိုလည်း နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။


 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved