သတင်း ဒေသန္တရသတင်း မြန်မာကို ဘင်းစတက် အဖွဲ့ဝင်အဖြစ်မှ ရပ်ထားသင့်ဟု တက်ကြွလှုပ်ရှားသူများ ပြော
မြန်မာကို ဘင်းစတက် အဖွဲ့ဝင်အဖြစ်မှ ရပ်ထားသင့်ဟု တက်ကြွလှုပ်ရှားသူများ ပြော Print E-mail
မုံပီး   
သောကြာနေ့၊ နိုဝင်ဘာလ 14 2008 13:16 - မြန်မာစံတော်ချိန်


နယူးဒေလီ။     ။ နိုင်ငံသားများအပေါ် အခွင့်အရေး ချိုးဖောက်မှု ဆက်လက် ကျူးလွန်နေသည့် မြန်မာနိုင်ငံအား “ဘင်္ဂလားပင်လယ်အော် နည်းပညာနှင့် စီးပွားရေး ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့” ၏ အဖွဲ့ဝင်ဖြစ်မှုကို ပြန်လည် သုံးသပ်ပါရန်နှင့် အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းထားပါရန် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက ဤအဖွဲ့၏ ခေါင်းဆောင်များအား ယမန်နေ့က တိုက်တွန်းပြောကြားလိုက်သည်။  

ဒေလီရှိ မြန်မာ့ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး မြှင့်တင်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် မြန်မာ့အရေးစင်တာ Burma Center Delhi အဖွဲ့က မြန်မာနိုင်ငံ အဖွဲ့ဝင်အနေဖြင့် ရှိနေခြင်းဖြင့် အဖွဲ့၏ ယုံကြည် ကိုးစားခံရမှုကို ကျဆင်းစေနိုင်သောကြောင့် မြန်မာစစ်အစိုးရအား BIMSTEC ဘင်းစတက် အဖွဲ့ဝင် နိုင်ငံအဖြစ်မှ ရပ်ဆိုင်းထားပါရန် တောင်းဆိုလိုက်ကြခြင်း ဖြစ်သည်။  

"မြန်မာစစ်အစိုးရက လူ့အခွင့်အရေးများကို ဆက်လက် ကျူးလွန်ဖောက်ဖျက် နေခြင်းကြောင့် ဤအဖွဲ့ကြီးအတွက် ဂုဏ်သိက္ခာ ညှိုးနွမ်းစရာ ဖြစ်ရသည်" ဟု အဖွဲ့၏ ညှိနှိုင်း ဆက်သွယ်ရေးမှူးဖြစ်သူ ဒေါက်တာ အလာနာဂိုလ်မေ က မဇ္ဈိမကို ပြောသည်။  

"အိန္ဒိယနိုင်ငံသားတွေအနေနဲ့ အိန္ဒိယနိုင်ငံကို တောင်းဆိုချင်တာက နိုင်ငံရဲ့ ဖခင်ကြီးတွေဖြစ်ကြတဲ့ ဂန္ဓီနဲ့ နေရူးတို့ ချမှတ်ခဲ့ကြတဲ့ လမ်းကြောင်းအတိုင်း ဒီမိုကရေစီမူဝါဒတွေနဲ့အညီ ရပ်တည်လုပ်ဆောင်ကြပါ" ဟု ဂိုလ်မေက ဆက်ပြောသည်။  

ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်ရေးတို့အတွက် အတူတကွ လက်တွဲ ဆောင်ရွက်နေကြသော ဤဒေသတွင်း အဖွဲ့ကြီးအနေဖြင့် လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း အကြီးအကျယ် ချိုးဖောက်နေသော နိုင်ငံတနိုင်ငံအား အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံထားခြင်းဖြင့် အဖွဲ့၏ ရည်မှန်းချက်များနှင့်လည်း ဆန့်ကျင်ဖီလာဖြစ်၊ အရှက်ရဖွယ်လည်းဖြစ်သည်ဟု ဂိုလ်မေ က ဆိုသည်။  

ကမ္ဘာပေါ်တွင် အဆိုးဝါးဆုံး လူ့အခွင့်အရေး ချိုးဖောက်သော နိုင်ငံအဖြစ် သတ်မှတ်ခံထားရသော မြန်မာစစ်အစိုးရသည် ဘင်းစတက် အဖွဲ့ကြီး၏ ဒုတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို နယူးဒေလီမြို့၌ စတင် ဖွင့်လှစ်လိုက်သည့် နိုဝင်ဘာလ ၁၁ ရက်နေ့မှာပင် ကျောင်းသားခေါင်းဆောင် ၁၄ ဦးကို ထောင်ဒဏ် ၆၅ နှစ်စီဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်ခြင်းဖြင့် ဤအဖွဲ့ကြီး၏ သိက္ခာနှင့် ရည်မှန်းချက်ဖြစ်သော ငြိမ်းချမ်းရေးနှင့် ဂုဏ်သိက္ခာတို့ကို လုံးဝ အလေးမထားကြောင်း သက်သေပြလိုက်သည်ဟုလည်း မြန်မာ့အရေးစင်တာ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။  

"ဤအချက်သည် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ တောင်းဆိုချက်ဖြစ်သော အခြေခံ လူ့အခွင့်အရေးများကို “နအဖ” က လျစ်လျူရှုလိုက်သည့် ငြင်းမရသော သက်သေပြချက်တရပ် ဖြစ်သည်" ဟု စစ်အစိုးရ၏ တရားဝင် အမည်ဖြစ်သော “နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ” ဆိုသည့် အမည်ကို ရည်ညွှန်းကာ ရေးသားထားသည်။  

အိန္ဒိယနိုင်ငံ အနေဖြင့်မူ နိုင်ငံ၏ မြန်မာနိုင်ငံနှင့် စပ်လျဉ်းသော မူဝါဒသည် အိန္ဒိယနိုင်ငံ၏ အခြေခံရပ်တည်ချက် မူဝါဒများနှင့် “ဆန့်ကျင်ဖီလာ” ဖြစ်နေသည်ဟု ဂိုလ်မေက ပြောသည်။  

"အိန္ဒိယအနေဖြင့် မိမိတို့သည် အကြီးဆုံး ဒီမိုကရေစီနိုင်ငံ ဆိုသည်ကို သိရှိသင့်ပြီး၊ ဤမြန်မာ စစ်အစိုးရနှင့် မဆက်ဆံဘဲ နေခြင်းဖြင့် မိမိကိုယ်မိမိ လေးစားကြောင်း ပြသသင့်သည်" ဟု ဂိုလ်မေက ရေးသားထားသည်။  

ဤအတောအတွင်း နယူးဒေလီရှိ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားကြသူများကလည်း ဘင်းစတက် ထိပ်သီး အစည်းအဝေးသို့ တက်ရောက်နေသည့် မြန်မာဝန်ကြီးချုပ် သိန်းစိန်၏ ခရီးစဉ်ကို လက်မခံဘဲ ငြင်းပယ်ပါရန် တောင်းဆိုသည့် ဆန္ဒပြပွဲတရပ်ကို ကြာသပတေးနေ့က ပြုလုပ်ခဲ့ကြသည်။  

ခရီးစဉ်ကို ဆန့်ကျင်သည့် အနေဖြင့် မြန်မာ့နိုင်ငံရေးလှုပ်ရှားသူ ၅ဝ ခန့်က ကြွေးကြော်သံများ အော်ဟစ်ကာ မြန်မာဝန်ကြီးချုပ် ရုပ်ပုံကြီးတခုကို မီးရှို့ခဲ့ကြသည်။  

ဘင်းစတက်အဖွဲ့၏ အလှည့်ကျ ဥက္ကဋ္ဌစနစ်အရ မြန်မာနိုင်ငံသည် ဥက္ကဋ္ဌ တာဝန်ကို ၂ဝဝ၉ ခုနှစ်တွင် အိန္ဒိယနိုင်ငံထံမှ လွှဲပြောင်းရယူမည် ဖြစ်သည်။

ဤလူသတ်သမား စစ်အစိုးရကို ဥက္ကဋ္ဌ တာဝန်ပေးအပ်ခြင်းဖြင့် အဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေလိမ့်မည်ဟု ဒေါက်တာဂိုလ်မေ က အလေးပေးပြောကြားခဲ့သည်။  

"အခြား အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံ ၂ဝဝ၉ ခုနှစ်မှာ ဥက္ကဋ္ဌတာဝန် ယူမှာကို ခွင့်မပြုသင့်ပါဘူး" ဟု သူက ပြောသည်။


 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved