သတင်း ဒေသန္တရသတင်း နှစ်ရှည်ထောင်ဒဏ်ချသည်များကို အမေရိကန်က ရှုတ်ချ
နှစ်ရှည်ထောင်ဒဏ်ချသည်များကို အမေရိကန်က ရှုတ်ချ Print E-mail
မုံပီး   
သောကြာနေ့၊ နိုဝင်ဘာလ 14 2008 13:09 - မြန်မာစံတော်ချိန်


နယူးဒေလီ။     ။ မြန်မာစစ်အစိုးရက အတိုက်အခံ ၃၀ ဦးအပေါ် ၆၅ နှစ်ထိ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်သည့်အပေါ် အမေရိကန် ပြည်ထောင်စုက ဗုဒ္ဓဟူးနေ့က ရှုတ်ချလိုက်သည်။

ယခုလို ရှုတ်ချမှုအပြင် အဆင့်တိုင်းတွင်လည်း ပြဿနာများ ပိုမို တိုးပွားလာစေနိုင်သည်ဟုလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရောဘတ်ဝုဒ်က ပြောကြားလိုက်ခြင်းဖြစ်သည်။  

"စစ်အစိုးရက အနည်းဆုံး နိုင်ငံရေးလှုပ်ရှားသူ ၃၀ ယောက်အပေါ် ၂ နှစ်ကနေ ၆၅ နှစ်အထိ နှစ်ရှည်ထောင်ဒဏ်တွေ စီရင်ချက် ချမှတ်တဲ့အပေါ် ကျနော်တို့ အစိုးရက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်" ဟု သူက ပြောသည်။

ရောဘတ်ဝုဒ်၏ ထုတ်ပြန် ကြေညာချက်သည် ၈၈ မျိုးဆက်ကျောင်းသားများဟု လူသိများသည့် ထင်ရှားသော ကျောင်းသားခေါင်းဆောင် ၁၄ ဦး အပါအဝင် အတိုက်အခံ နိုင်ငံရေး လှုပ်ရှားသူဦးရေ အနည်းဆုံး ၃၀ ဦးအား မြန်မာစစ်အစိုးရ အာဏာပိုင်များက အင်္ဂါနေ့တွင် ထောင်ဒဏ် ၂ နှစ်မှ ၆၅ နှစ်အထိ စီရင်ချက်ချပြီး နောက်တရက်တွင် ပေါ်ထွက်လာခြင်း ဖြစ်သည်။  

ကျောင်းသားများ၊ ဘုန်းတော်ကြီးများ အပါအ၀င် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အတိုက်အခံများသည် ပြီးခဲ့သည့်နှစ် သြဂုတ်လနှင့် စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ ဦးဆောင်သည့် အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည့်အတွက် ထိုအချိန်ကတည်းက ဖမ်းဆီခံခဲ့ရသည်။

မြန်မာနိုင်ငံအား စစ်တပ်မှ ပြနှ်လည်၍ အုပ်ချုပ်နိုင်ရန်အတွက် ၁၉၈၈ ခုနှစ် စက်တင်ဘာလက စစ်အာဏာသိမ်းမှုတွင် ပါဝင်ခဲ့သည့် လက်ရှိ စစ်အစိုးရ အာဏာပိုင်များသည် ပြီးခဲ့သည့်နှစ် ရွှေဝါရောင် ဆန္ဒပြသူများအား သွေးထွက်သံယိုဖြစ်သည်အထိ နှိမ်နှင်းခဲ့ရာ အနည်းဆုံး လူဦးရေ ၃၀ သေဆုံးခဲ့သည်။ ထို့အပြင် အဓိက လှုပ်ရှားသူများကိုလည်း မရပ်မနား ရှာဖွေ ဖမ်းဆီးလျက် ရှိသေးသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) (AAPP) ၏ အဆိုအရ မြန်မာနိုင်ငံတွင်းရှိ နိုင်ငံရေးအကျဉ်းသား ဥဲီးရေမှာ ယမန်နှစ် ဆန္ဒပြပွဲများ မတိုင်ခင်က ခန့်မှန်းခြေ ဦးရေ ၁၁၀၀ ခန့်သာ ရှိခဲ့ရာမှ ဦးရေ ၂၁၀၀ ကျော်အထိ လျင်မြန်စွာ တိုးတက်လာခဲ့သည်ဟု ဆိုသည်။

မကြာသေးခင်က ပြစ်ဒဏ်ချမှတ်ခံရသူများနှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာတနိုင်ငံလုံးရှိ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်အား ချက်ချင်းလွှတ်ပေးရန် မြန်မာစစ်အစိုးရအား အမေရိကန်ပြည်ထောင်စုက တောင်းဆိုလိုက်သည်ဟု ရောဘတ်ဝုဒ်က ပြောကြားသည်။

အမေရိကန်အစိုးရသည် ထိုကိစ္စအတွက် အဆင့်အမျိုးမျိုးတွင် မြှင့်တင်ဆောင်ရွက်သွားမည်ဟု ပြောကြားကြောင်း ဝုဒ်က ဆိုသည်။

အမေရိကန်အစိုးရ၏ ရှုတ်ချမှုသည် အတိုက်အခံများအား ထောင်ဒဏ်များ ချမှတ်ရန် စစ်အစိုးရ၏ ဆုံးဖြတ်ချက်အပေါ် နိုင်ငံတကာမှ ဝေဖန်မှုများနှင့် တညီတညွတ်တည်း ဖြစ်သွားသည်။ ကနေဒါ၊ ဗြိတိန်နှင့် ဂျာမဏီသည် အစောပိုင်းကတည်းက ကြေညာချက်များ ထုတ်ပြန်ထားခဲ့သည်။

မြန်မာနိုင်ငံသည် ၁၉၆၂ ခုနှစ်ကတည်းက စစ်အာဏာရှင်စနစ်ဖြင့် စတင်အုပ်ချုပ်ခြင်း ခံခဲ့ရသည်။


 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved