သတင်း ဒေသန္တရသတင်း အဆင့်မြင့် ဆက်သွယ်မှုများ ထားရှိရန် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူ
အဆင့်မြင့် ဆက်သွယ်မှုများ ထားရှိရန် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူ Print E-mail
မဇ္ဈိမသတင်းဌာန   
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 12 2008 19:28 - မြန်မာစံတော်ချိန်


ဒါကာ။     ။ ဘင်္ဂလား ပင်လယ်အော်အတွင်း ဓါတ်ငွေ့ရှာဖွေမှုများကြောင့် နှစ်နိုင်ငံ ထိပ်တိုက်တွေ့ခဲ့ရပြီးနောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာန အကြံပေးပုဂ္ဂိုလ် ဒေါက်တာ အစ်ဖ်တက်ကာ အာမက် ချောင်ဒရီ နှင့် မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းတို့ အိန္ဒိယနိုင်ငံ မြို့တော်တွင် တွေ့ဆုံကာ ဤသို့ အဆင့်မြင့် အဆက်အသွယ်များ ဆက်လက်ထားရှိရန် နှစ်ဘက် သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။

"မြန်မာ ဝန်ကြီးချုပ်နဲ့ အဓိက အကြံပေးပုဂ္ဂိုလ်တို့ နှစ်ယောက်စလုံး နယူးဒေလီမြို့ကို ရောက်ရှိတဲ့အခါ တွေ့ဆုံမှု အပါအဝင် အဆင့်မြင့် အဆက်အသွယ်များ ဆက်လက် ထားရှိဘို့ ကျနော်တို့ သဘောတူညီခဲ့ကြပါတယ်" ဟု 'ဘင်္ဂလား ပင်လယ်အော် ဘက်စုံနည်းပညာနှင့် စီးပွါးရေး ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်' (BIMSTEC) ၏ အစည်းအဝေးပြင်ပ မြန်မာ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေး အပြီးတွင် နိုင်ငံခြားရေးဌာန အကြံပေးပုဂ္ဂိုလ်က မီဒီယာများသို့ ပြောကြားလိုက်ပါသည်။

ဤနှစ်နိုင်ငံ အကျိုးတူ ဆွေးနွေးပွဲတွင် ကျယ်ပြန့်လှသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပြီး မကြာခင်က ဘင်္ဂလား ပင်လယ်အော်အတွင်း ဖြစ်ပွါးခဲ့သော အဖြစ်အပျက်များနှင့် နိုင်ငံရေး၊ စီးပွါးရေး နယ်ပယ်များတွင် ပူးပေါင်း လုပ်ဆောင်နိုင်ဖွယ်ရှိသော ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု ဒါကာမြို့တွင် ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။ ဤတွေ့ဆုံဆွေးနွေးပွဲကို “လှိုက်လှဲပျူငှါရှိသော” ဆွေးနွေးပွဲဟု ဖေါ်ပြထားပါသည်။

"အစည်းအဝေးက ပွင့်လင်းပြီး လှိုက်လှဲပျူငှါ ရှိပါတယ်။ နှစ်ဘက်စလုံးက အပြန်အလှန် နားလည်မှု ရှိတဲ့စိတ်ဓါတ်နဲ့ အငြင်းပွါးမှုများကို တွေ့ဆုံညှိနှိုင်းတဲ့နည်းနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်း ဆောင်ရွက်သွားကြဘို့ ဆန္ဒရှိကြပါတယ်။ ရင်းနှီးတဲ့ အိမ်နီးချင်း နှစ်နိုင်ငံအကြား နိုင်ငံရေးနဲ့ စီးပွါးရေးနယ်ပယ်တွေမှာ ဆက်လက် ပူးပေါင်းလုပ်ဆောင်နိုင်မဲ့ တန်ဘိုးတွေကိုလဲ မြင်တွေ့နေကြပါတယ်" ဟု ဒေါက်တာ ချောင်ဒရီက ပြောသည်။

"မကြာခင်က ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လာရောက် လည်ပတ်စဉ်အတွင်း အလွန် အသုံးတည့်လှတဲ့ ဆွေးနွေးချက်တွေအပေါ် အခြေခံတဲ့ ဆက်လက် ဆောင်ရွက်စရာ ကိစ္စတွေကို ဆောင်ရွက်ဘို့ လိုပါတယ်" ဟုလည်း သူက ဆက်လက် ပြောဆိုသွားခဲ့ပါသည်။

BIMSTEC သည် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ထိုင်း၊ မြန်မာ၊ နီပေါ နှင့် ဘူတန် နိုင်ငံတို့ ပါဝင်သည့် ဒေသတွင်း အုပ်စုတခုဖြစ်ပြီး အာရှတိုက်၏ အရှေ့နှင့် အနောက်ကို ဆက်သွယ် ပေါင်းကူးပေးနိုင်သည့် အလားအလာရှိသော ဒေသဆိုင်ရာ အဖွဲ့အစည်းတရပ်အဖြစ် ရှုမြင်ခြင်း ခံရပါသည်။

ကုန်သွယ်ရေး ပါရဂူများ၏ အမြင်အရ အိန္ဒိယသမုဒ္ဒရာ အရှေ့ဘက် ကမ်းရိုးတန်းနှင့် ဘင်္ဂလား ပင်လယ်အော်တွင်း တည်ရှိနေသည့် ပထဝီဝင် အနေအထားကို ကောင်းစွာ အသုံးချနိုင်ပါက ဤအုပ်စုဝင် နိုင်ငံများအကြား ကုန်သွယ်မှုပမာဏသည် တိုးတက် ဖြစ်ထွန်းလာနိုင်သည့် အလားအလာ ရှိသည်ဟု ဆိုပါသည်။  


 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved