သတင်း ဒေသန္တရသတင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာ စင်သီယာမောင် ကတ်တလိုးနီးယားဆု ရရှိ
ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာ စင်သီယာမောင် ကတ်တလိုးနီးယားဆု ရရှိ Print E-mail
ဇာနည်   
အင်္ဂါနေ့၊ နိုဝင်ဘာလ 11 2008 20:21 - မြန်မာစံတော်ချိန်


ချင်းမိုင်။     ။ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံနယ်စပ် မယ်တော်ဆေးခန်းမှ ဒေါက်တာ ဒေါ်စင်သီယာမောင်တို့ကို စပိန်နိုင်ငံ ကတ်တလိုးနီးယား ပြည်နယ်အစိုးရမှ အကြိမ် ၂၀ မြောက် အပြည်ပြည်ဆိုင်ရာဆုကို ယနေ့ ပူးတွဲ ချီးမြှင့်လိုက်သည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး၊ လွတ်မြောက်ရေးနှင့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးတို့အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံဆောင်ရွက်သဖြင့် ကတ်တလိုးနီးယား အပြည်ပြည်ဆိုင်ရာဆု (Catalonia International Prize) ကို ယခုလို ချီးမြှင့်လိုက်ခြင်းဖြစ်သည်။

"ဒီတခေါက်က မြန်မာအမျိုးသမီးတွေကို ပထမဆုံးပေးတာပါ။ သူတို့က သူတို့ရဲ့ ဘ၀တွေကို ရင်းပြီးတော့ မြန်မာပြည် လွတ်မြောက်ရေး၊ ဒီမိုကရေစီရေးနဲ့ လူမှုရေးလုပ်ငန်းတွေ လုပ်ခဲ့ကြလို့ အကဲဖြတ်လူကြီးတွေက ဒီဆုရသင့်တယ်ဆိုပြီး ရွေးချယ်ခဲ့တာပါ" ဟု ဆုရွေးချယ်ရေးအဖွဲ့မှ လက်ထောက်အတွင်းရေးမှူး မစ္စ တီရီဆာ ဆာလာ က မဇ္ဈိမကို ပြောပြသည်။

ယခုဆုသည် ကမ္ဘာတ၀ှမ်းမှ သိပ္ပံပညာထူးချွန်သူများ၊ ဖွံ့ဖြိုးရေးနှင့် ယဉ်ကျေးမှုအတွက် ထူးချွန်စွာ စွမ်းဆောင်သူများ၊ လူ့အခွင့်အရေးအတွက် အလေးပေး လုပ်ဆောင်သူများကို နှစ်စဉ်ချီးမြှင့်ခြင်း ဖြစ်သည်။

ကတ်တလိုးနီးယား ပြည်နယ်မြို့တော် ဘာစီလိုနာတွင် ပြုလုပ်သော ဆုပေးပွဲ အခမ်းအနားသို့ ဒေါက်တာ စင်သီယာမောင် ကိုယ်တိုင်တက်ရောက် ရယူမည်ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်စားအဖြစ် စပိန်အခြေစိုက် ဘားမားကင်ပိန်းမှ တာဝန်ခံ မဇိုယာဖန်းက လက်ခံရယူမည်။

"အခုလိုမျိုး ဒေါ်အောင်ဆန်းစုကြည်ကို ဆုချီးမြှင့်တာဟာ သူ့ရဲ့ မြန်မာပြည်သူတွေအတွက် လုပ်ခဲ့တာတွေကို ကမ္ဘာက မေ့မထားဘူး၊ အသိအမှတ်ပြုတယ်။ နောက် မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ ဒုက္ခတွေကို ကမ္ဘာက စာနာနားလည်တယ်၊ ထောက်ထားတယ် ဆိုတာတွေကို ပြသလိုက်တာမို့လို့ ၀မ်းသာပါတယ်" ဟု မဇိုယာဖန်းက မဇ္ဈိမကို ပြောပြသည်။

ကတ်တလိုးနီးယား ပြည်နယ်ဥက္ကဌ ဂျိုဆေး မွန်တီလာ ကိုယ်တိုင်ချီးမြှင့်သော အဆိုပါ ဆုသည် စပိန်နိုင်ငံ၏ ကတ်တလိုးနီးယား ပြည်နယ်အစိုးရ၏ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ အမြင့်မားဆုံး ဆုလည်း ဖြစ်သည်။

ဆုချီးမြှင့်ခံရသူသည် စပိန်ပန်းပုပညာရှင် အန်တိုနီ တပီးရက်စ် ၏ လက်ရာ သော့နှင့်စာ (La clau i la lletra = The Key and the Letter) ပုံဖော်ထားသော ပန်းပုရုပ်နှင့် ယူရိုငွေ တသိန်း ရရှိမည် ဖြစ်သည်။

၁၉၈၉ ခုနှစ်တွင် စတင်ချီးမြှင့်ခဲ့သော အဆိုပါဆုကို အိန္ဒိယမှ စီးပွားရေးဆိုင်ရာ နိုဘယ်ဆုရှင် အမစ်တာဆန်အပါအ၀င်ပြင်သစ်၊ ဂျာမဏီ၊ အမေရိကန်၊ အီဂျစ် အစရှိသော နိုင်ငံများမှ စာရေးဆရာများ၊ သိပ္ပံပညာရှင်များ သမိုင်းသုတေသီများ ရရှိခဲ့ကြသည်။


 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved