သတင်း ဒေသန္တရသတင်း ထိုင်းနိုင်ငံတွင် ဆန္ဒပြသူများက အစိုးရဌာနများကို ဝင်ရောက်မှုပြု၊ ဝန်ကြီးချုပ် သတိပေး
ထိုင်းနိုင်ငံတွင် ဆန္ဒပြသူများက အစိုးရဌာနများကို ဝင်ရောက်မှုပြု၊ ဝန်ကြီးချုပ် သတိပေး Print E-mail
မဇ္ဈိမသတင်းဌာန   
အင်္ဂါနေ့၊ သြဂုတ်လ 26 2008 15:21 - မြန်မာစံတော်ချိန်
 
ချင်းမိုင်။     ။ ထိုင်းနိုင်ငံတွင် အစိုးဆန့်ကျင်ရေး ဆန္ဒပြသူများက အင်္ဂါနေ့တွင် အစိုးရ အိမ်တော်ဝင်းသို့ အတင်းဝင်ရောက်မှု ပြုလိုက်ပြီး အစိုးရ ရုပ်မြင်သံကြား ဌာနတခုကို စီးနင်းထားသည်။
 
ထောင်ပေါင်းများစွာသော ဒီမိုကရေစီအတွက် ပြည်သူ့မဟာမိတ် People's Alliance for Democracy အဖွဲ့ဝင်များ က အစိုးရ အိမ်တော်ဝင်းအတွင်း ၀င်ရောက်သွားခြင်းကို ရဲများ လက်ပိုက်ကြည့်နေခဲ့ကြရသည်။ ဆန္ဒပြသူတချို့က ခြံစည်းရိုး ကျော်ဝင်ရောက်ချိန်တွင် အချို့က ပိတ်နှောင်ထားသော သံချိန်းကြိုးများကို ဖြတ်တောက်ကာ ၀င်ရောက်သွားခြင်း ဖြစ်သည်။
 
ထို့အပြင် ဆန္ဒပြသူများသည် အန်ဘီတီ ရုပ်မြင်သံကြားချန်နယ် အသံလွှင့်ဌာန ၂ ခုလုံးကို လုံးဝ စီးနင်းထားပြီး ပညာရေး၊ ပို့ဆောင်ရေး၊ စိုက်ပျိုးရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးများအတွင်း နေ့လည် ၂ နာရီတွင် ရောက်ရှိနေပြီ ဖြစ်သည်။
 
ထိုင်းဝန်ကြီးချုပ် ဆမတ် ဆွန်ထော်ရဝေ့ခ်ျ က သူ့အစိုးရအနေဖြင့် သည်းခံနိုင်မှု အဆုံးစွန်သွားပြီဖြစ်ပြီး ဥပဒေချိုးဖောက်သော ဆန္ဒပြသူများကို ထိရောက်ပြင်းထန်စွာ အရေးယူမှု ပြုလုပ်သွားမည်ဟု သတိပေးကာ ဆန္ဒပြသူများ လူစုခွဲရန် သတိပေးလိုက်သည်။
 
အစိုးရ အိမ်တော်ဝင်း အတွင်းသို့ ဆန္ဒပြသူများ ပထမဆုံးအကြိမ် ၀င်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
 
ဝန်ကြီးချုပ်ဆမတ်က ဆန္ဒပြ ခေါင်းဆောင်များ အနေဖြင့် ဆက်လက် ရှေ့တိုး လုပ်ဆောင်မည်ဆိုလျှင် သူ၏ အစိုးရအဖွဲ့အနေဖြင့် အခြေအနေကို ထိန်းသိမ်းရန် အစိုးရလုပ်ပိုင်ခွင့် နည်းလမ်းအများကြီး ရှိသည်ဟု သတိပေးလိုက်သည်။

 

Thai anti Government protest

Thai anti Government protest

Thai anti Government protest

ဓါတ်ပုံ။     ။ www.manager.co.th

 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved