|
မြန်မာနိုင်ငံသား ၆ ဦးအား ဗီဇာသက်တမ်း တိုးပေးရန် စင်္ကာပူငြင်းပယ် |
|
|
|
ဆော်လမွန်
|
|
စနေနေ့၊ သြဂုတ်လ 23 2008 12:02 - မြန်မာစံတော်ချိန် |
နယူးဒေလီ။ ။ စင်္ကာပူ အစိုးရသည် အကြောင်းတစုံတရာ မပြဘဲ မြန်မာနိုင်ငံသား ၆ ဦး၏ ဗီဇာသက်တမ်း တိုးပေးရန် လျှောက်ထားမှုကို ငြင်းပယ်လိုက်သည့်အတွက် ၃ ဦးမှာ ဂျူလိုင်လကတည်းက တိုင်းပြည်မှ ထွက်ခွါသွားခဲ့ရပြီ ဖြစ်သည် ဟု သူတို့ကိုယ် သူတို့ မြန်မာမျိုးချစ်များဟု ခေါ်ဝေါ်သည့် မြန်မာ့အရေး တက်ကြွ လှုပ်ရှားသူများက သောကြာနေ့ က ပြောကြားလိုက်ကြပါသည်။
အဆိုပါ တက်ကြွ လှုပ်ရှားသူများက သောကြာနေ့က သတင်းစာ ရှင်းလင်းပွဲတရပ် ကျင်းပပြီး လူဝင်မှုကြီးကြပ်ရေးနှင့် နယ်စပ်ဖြတ်ကျော် စစ်ဆေးရေး အာဏာပိုင်အဖွဲ့ (ICA) နှင့် လူအင်အား ဝန်ကြီးဌာနတို့က အဆိုပါ ဗီဇာသက်တမ်း တိုးမြှင့်မှုကို အဘယ်ကြောင့် ငြင်းပယ်ရသည်ဆိုသည့် အကြောင်းရင်းကို ထုတ်ဖေါ် ပြောဆိုပါရန် စင်္ကာပူအစိုးရကို တောင်းဆိုလိုက်ကြသည်။
“ဤမြန်မာမျိုးချစ် ၆ ဦးသည် စင်္ကာပူ တရားဥပဒေကို ဆန့်ကျင်ပြီး ရာဇဝတ်မှု ကျူးလွန်ခဲ့သည်ဆိုသည့် အထောက်အထားလဲ ဘာမှမရှိပါ” ဟု မြန်မာမျိုးချစ်များ၏ ကြေညာချက်တွင် ဖေါ်ပြထားသည်။
သတင်းစာ ရှင်းလင်းပွဲကို ဦးဆောင် ကျင်းပခဲ့သူ ကိုမျိုးမြင့်မောင်က မြန်မာနိုင်ငံသားများ ဗီဇာသက်တမ်း တိုးမြှင့်ပေးရန် လျှောက်ထားမှုကို ငြင်းပယ်ခဲ့ခြင်းနှင့် ပတ်သက်၍ အကြောင်းပြချက် ပေးပါရန် သူတို့ စင်္ကာပူအစိုးရကို တောင်းဆိုထားသည်ဟု ပြောသွားပါသည်။
“ဘာအကြောင်းပြချက်မှ ရေရောရာရာ မပေးဘဲ ဗီဇာသက်တမ်း တိုးပေးဘို့ ငြင်းတာ ဒါပထမဆုံးအကြိမ်ဘဲ” ဟုသူက ဆိုပါသည်။
အလားတူ ပြဿနာများနှင့် ကြုံတွေ့နေရသည့် အခြား မြန်မာနိုင်ငံသား အများအပြား ရှိနိုင်သော်လည်း သူတို့သိသည်မှာ ဤ ၆ ဦးသာဖြစ်ကြောင်း၊ မြန်မာ့ ဒီမိုကရေစီရေးကို ထောက်ခံသည့် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့မှုနှင့် စပ်လျဉ်း၍ ရဲစခန်း တွင် စစ်ဆေးမေးမြန်းခြင်းကို သူတို့ ခံခဲ့ကြရကြောင်းလည်း သူက ဆက်လက် ပြောဆိုသွားခဲ့ပါသည်။
“ကျနော်တို့ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့အခြား ပုဂ္ဂိုလ်တွေအတွက်လည်း ကျနော်တို့ စိတ်ပူနေရပါတယ်” ဟု ကိုမျိုးမြင့်မောင်က ပြောဆိုသွားပြီး တရားမျှတမှု ပေါ်ပေါက်ရေးအတွက် သူတို့ ရှေ့နေနှင့်အတူ ရင်ဆိုင်သွားရန် ပြင်ဆင် ထားကြောင်းလည်း ပြောဆိုသွားခဲ့ပါသည်။
အဆိုပါ ဗီဇာသက်တမ်း တိုးပေးရန် လျှောက်ထားမှုကို ငြင်းပယ်ခံခဲ့ရသူ ၆ ဦး အနက် ၃ ဦးမှာ မောင်စိုးသီဟ၊ ကိုမျိုးထွန်း နှင့် ကိုလှိုင်မိုးတို့ ဖြစ်ပြီး သူတို့သည် ဂျူလိုင်လကုန်နှင့် သြဂုတ်လအစောပိုင်းက စင်္ကာပူနိုင်ငံတွင်းမှ ထွက်ခွါသွားခဲ့ကြရသည်ဟု ဆိုပါသည်။
အာဆီယံ ထိပ်သီး အစည်းအဝေး ကျင်းပနေချိန် နိုဝင်ဘာ ၂ဝ ရက် ၂ဝဝ၇ ခုနှစ်က စင်္ကာပူနိုင်ငံ အော်ချတ်လမ်းမ ကြီးပေါ်တွင် မြန်မာမျိုးချစ်များက ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြပွဲ တရပ်ကို ကျင်းပ ပြုလုပ်ခဲ့ကြပြီး၊ မြန်မာစစ်အစိုးရ၏ အတုအယောင် ဆန္ဒခံယူပွဲကို ဆန့်ကျင် ကန့်ကွက်သည့် ‘ကန့်ကွက်မဲ’ ထည့်ရေး လှုပ်ရှားမှုကိုလည်း ၂ဝဝ၈ ခုနှစ် ဧပြီလနှင့် မေလအတွင်းက ကျင်းပ ပြုလုပ်ခဲ့ကြသည်။
မြန်မာနိုင်ငံသား ၆ ဦး ဗီဇာသက်တမ်း တိုးမြှင့်ရန် လျှောက်ထားခဲ့ခြင်းကို အဘယ်ကြောင့် ငြင်းပယ်ခံခဲ့ရသည် ဆိုသည့် အကြောင်းအချက်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း စင်္ကာပူအစိုးရ၏ မြန်မာစစ်အစိုးရနှင့် နီးနီးကပ်ကပ် ဆက်ဆံနေခြင်းနှင့် ကြီးကြီးမားမား ပတ်သက်နေဖွယ် ရှိသည်ဟု တက်ကြွလှုပ်ရှားသူများက ယုံကြည်နေကြသည်။
မြန်မာ ၆ ဦး၏ ဗီဇာသက်တမ်းကို တိုးမြှင့်ပေးရန် ငြင်းပယ်ခဲ့သည့် ဆုံးဖြတ်ချက်ကို ရှင်းလင်းဖေါ်ပြပေးရန် တက်ကြွ လှုပ်ရှားသူများက စင်္ကာပူအစိုးရကို တောင်းဆိုလိုက်ကြပြီး၊ မြန်မာ့တက်ကြွ လှုပ်ရှားသူများအပေါ် မျှမျှတတ တန်းတူ ညီမျှ သဘောထား ဆက်ဆံပါရန်လည်း တောင်းဆိုခဲ့ကြသည်။
စင်္ကာပူ လူအင်အားဝန်ကြီးဌာနကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာတွင် ဤကိစ္စနှင့် စပ်လျဉ်း၍ တစုံတရာ မှတ်ချက်ပေးရန် ငြင်းဆိုသွားပြီး လူဝင်မှု ကြီးကြပ်ရေးနှင့် နယ်စပ်ဖြတ်ကျော် စစ်ဆေးရေး အာဏာပိုင်အဖွဲ့ (ICA) ကိုသာ မေးမြန်းပါ ရန် ညွှန်းဆိုပြောကြားသွားခဲ့သည်။
သို့သော် အဆိုပါဌာနသို့ မဇ္ဈိမ က ဆက်သွယ် မေးမြန်းရာတွင်လည်း “ဒီကိစ္စနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ကျနော်တို့ မပြောနိုင်ပါဘူး၊ ICA က ဒီပြဿနာနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို မဖြေနိုင်ပါဘူး” ဟုသာ ဖြေကြား ပြောဆိုသွားခဲ့ပါသည်။
|