|
တရုတ်-မြန်မာ နယ်စပ်တွင် ပြင်းအားကြီး ငလျင် ထပ်လှုပ် |
|
|
|
မျိုးကြီး
|
|
သောကြာနေ့၊ သြဂုတ်လ 22 2008 19:07 - မြန်မာစံတော်ချိန် |
ရွှေလီ။ ။ ကချင်ပြည်နယ်နှင့်ထိစပ်သည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရင်ကျန်းခရိုင်တွင် ယမန်နေ့ညပိုင်းက ပြင်အားကြီး ငလျင် နှစ်ကြိမ် လှုပ်ခတ်သဖြင့် မြန်မာပြည်ဘက်က မြို့နယ်များလည်း ရိုက်ခတ်မှုများ ဖြစ်ပွားခဲ့သည်။
ရန်ကျန်းခရိုင် အနောက်မြောက်ဘက် ၁ဝ ကီလိုမီတာအကွာ၊ မြောက်လတ္တီတွဒ် ၂၉ ဒဿမ ၉ ဒီဂရီနှင့် အရှေ့လောင်ဂျီတွဒ် ၉ရ ဒဿမ ၈ ဒီဂရီ၌ ဗဟိုပြုသည့် ရစ်ချတ်စကေး (ပြင်းအား) ၄ ဒဿမ ၉ သည် တရုတ်စံတော်ချိန် ည ၈ နာရီ ၂၀ မိနစ်နှင့် ပြင်းအား ၅ ဒဿမ ၉ သည် ၈ နာရီ ၂၄ မိနစ်၌ လှုပ်ခတ်သဖြင့် ရင်ကျန်းနှင့် ၉၃ ကီလိုမီတာ ဝေးသော လိုင်ဇာ၊ ၁၂၈ ကီလိုမီတာ ဝေးသော ရွှေလီမြို့ အပါအဝင် မူဆယ်၊ ဗန်းမော်၊ မြစ်ကြီးနားအထိပင် ရိုက်ခတ်သွားခဲ့သည်။
“မနေ့ညက ၇ နာရီလောက်မှာ လှုပ်သွားတာပဲ။ ပြင်းတယ်။ အိမ်တွေတောင် ခေါင်မိုးတွေက အသံမြည်လာတယ်။ “ဝုန်း” “ဝုန်း” ဆို ခဏပဲ။ သိပ်မကြာလိုက်ဘူး။ ညကတော့ သတိထားပြီး အိပ်ကြတာပေါ့။ ငလျင်ဆိုတာ အသွားအပြန် ရှိတယ်ဆိုတော့ ပြန်လာမယ်လို့ ထင်နေကြတာ သတိထားပြီး အိပ်ကြတယ်။ အပျက်အစီးတော့ မရှိဘူး” ဟု ဗန်းမော်ဒေသခံ တဦးက ပြောသည်။
ရွှေလီနှင့် ကပ်လျက်ရှိသည့် မူဆယ်မြို့တွင်လည်း ငလျင်လှုပ်အပြီး ဒေသ အာဏာပိုင်များက အသံချဲ့စက်များဖြင့် ရပ်ကွက်များအတွင်း လှည့်ကာ ငလျင်ထပ်မံ လှုပ်မည်ဖြစ်ကြောင်း လိုက်လံ သတိပေးကြောင်း မူဆယ် ဒေသခံများက ပြောသည်။
မြန်မာနယ်စပ်မြို့များနှင့် အခြားဒေသများတွင် ယခု လှုပ်ခဲ့သည့်ငလျင်ကြောင့် လူသေဆုံးသည့်သတင်း မကြားရသော်လည်း ရင်ကျန်းမြို့နှင့် ကီလိုမီတာ ၄ဝ ကွာဝေးသော လီဆူး လူမျိုးများ နေထိုင်ရာဒေသ စုတင် (Sudian) မြို့ငယ်လေးတွင် လူ ၃ ဦး သေဆုံးပြီး ၁၅ ဦး အပြင်းအထန် ဒဏ်ရာရကာ ၅၅ ဦးမှာ အနည်းအကျဉ်း ဒဏ်ရာရကြောင်း တရုတ်နိုင်ငံ QQ သတင်းဌာန က ဖော်ပြသည်။
လူပေါင်း ၈ သောင်းကျော် သေဆုံးခဲ့ရသည့် စီချွမ်းပြည်နယ် ငလျင်ကပ်ဘေး နောက်ပိုင်း ယခုတကြိမ် နယ်စပ်တွင် ပြင်းအားကြီး ငလျင် လှုပ်ခတ်သွားသဖြင့် တရုတ်ပြည်သူများကြား စိုးရိမ်မှုများ ရှိနေကြောင်း ရွှေလီဒေသခံ ရှမ်းလူမျိုးတဦးက ယခုလို ပြောပြသည်။
“မနေ့ညပိုင်းက ငလျင်လှုပ်တာ တော်တော်လေး ပြင်းတယ်။ ဓာတ်တိုင်တွေ ယိုင်သွားတယ်။ အိမ်တွေလည်း အသံတွေ မြည်လာတယ်။ ည ၁ နာရီမှာ ထပ်လှုပ်မယ်လို့ သတိပေးတယ်လေ။ ရွှေလီမှာ ဘယ်သူမှ အိမ်ထဲမှာ မအိပ်ကြတော့ဘူး။ လမ်းဘေးက မြက်ခင်းတွေမှာ ထွက်အိပ်တဲ့သူ အိပ်တယ်။ အပြင်မှာပဲ အကုန် ထွက်အိပ်ကြတယ်။ ဆေးရုံမှာဆိုရင်လည်း လူနာတွေကို အကုန် အပြင် ရွှေ့ထားကြတယ်။ ဒီနေ့မနက်အထိ ငလျင်အကြောင်းပဲ ပြောနေကြတာ” ဟု သူက ပြောသည်။
ငလျင်ဗဟိုချက်နှင့် နီးကပ်နေသည့် ရင်ကျန်းမြို့တွင် လျှပ်စစ်မီးလှိုင်းများ ဖုန်းလိုင်းများ ပြတ်တောက်သွားခဲ့ကြောင်း ရင်ကျန်းတွင် အလုပ်လုပ်နေသည့် မြန်မာတဦးကလည်း ယခုလို ပြောသည်။
“တော်တော်လေး ပြင်းတယ်။ ခေါင်းတွေကို မူးနောက်သွားတာပဲ။ အကုန်လုံး ဝရုန်းသုန်းကားနဲ့ အပြင် ထွက်ပြေးကြတယ်။ လမ်းဘေးက ဓာတ်တိုင်တွေ လဲကျတာတွေ ရှိတယ်။ တချို့ ဆိုင်းဘုတ်ကြီးတွေလည်း ပြုတ်ကျကုန်တယ်။ ကျနော့်အခန်းက ဘုရားစင်ဆို ပြုတ်ထွက်သွားတာပဲ။ အဖွားကြီးတယောက် သေတယ်လို့ ပြောကြတယ်။ ဆေးရုံကိုလည်း ဒဏ်ရာရတဲ့ သူတွေ သွားကြတယ်” ဟု သူက ပြောသည်။
ငလျင်ကြောင့် ယူနန်ပြည်နယ်ရှိ မန်စီ၊ ပေါင်စန်း၊ တလီ၊ လင်ချန်းနှင့် ဖူအယ်မြို့ကြီးများတွင် လျှပ်စစ်မီးလိုင်းများ ခေတ္တခဏ ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။
ယခုအခါ မြေငလျင် သဘာဝကပ်ဘေး ကျရောက်နေသည့် ကျေးရွာ ၁၅ ရွာရှိပြီး အိမ်ခြေ ၂၇ဝဝ နှင့် လူဦးရေ ၁၄၂၄၂ ဦး ရှိကြောင်း တရုတ်အစိုးရက သတင်း ထုတ်ပြန်ထားသည်။
အဆိုပါ ဒေသများသို့ တရုတ်အာဏာပိုင်များမှ ကယ်ဆယ်ရေး လုပ်သားများ စေလွှတ်ကာ မိုးကာ ရွက်ဖျင်တဲများ၊ ကုတင်များ၊ အဝတ်အထည်၊ စောင်များ၊ ဆန်နှင့် စားသောက်စရာများ ပေးဝေလျက် ရှိသည်။
ယခုလ ၂ဝ ရက်နေ့တွင်လည်း တရုတ် စံတော်ချိန် နံနက် ၅ နာရီ ၃၅ မိနစ်တွင် ရင်ကျန်းခရိုင်နှင့် ၁ဝ ကီလိုမီတာအကွာ မြောက်လတ္တီတွဒ် ၂၅ ဒဿမ ၁ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉ရ ဒဿမ ၉ ဒီဂရီတွင် ဗဟိုပြုကာ ပြင်းအား ၅ ရှိသည့် ငလျင် လှုပ်ခတ်ခဲ့သေးသည်။
|