သတင်း ဒေသန္တရသတင်း အဆိုတော် မွန်းအောင် သြစတြေးလျတွင် ဖျော်ဖြေမည်
အဆိုတော် မွန်းအောင် သြစတြေးလျတွင် ဖျော်ဖြေမည် Print E-mail
သန်းထိုက်ဦး   
သောကြာနေ့၊ သြဂုတ်လ 22 2008 17:38 - မြန်မာစံတော်ချိန်

ချင်းမိုင်။     ။ အဝေးရောက် စစ်အစိုးရ ဆန့်ကျင်ရေး အဆိုတော် ကိုမွန်းအောင်က ဂီတဖျော်ဖြေပွဲ တခုကို မနက်ဖြန်မှ စတင်ကာ သြစတြေးလျ နိုင်ငံတွင် ကျင်းပသွားမည် ဖြစ်သည်။

“ငြိမ်းချမ်းရေး တိုက်ပွဲ” ဟု အမည်ပေးထားသော အဆိုတော် ကိုမွန်းအောင်၏ ဂီတ ဖျော်ဖြေပွဲကို သြဂုတ်လ ၂၃ ရက်တွင် ပါတ်သ် မြို့၊ သြဂုတ်လ ၃ဝ ရက်နေ့တွင် မဲလ်ဘုန်း နှင့် စက်တင်ဘာလ ၆ ရက်နေ့တွင် ဆစ်ဒနီ မြို့၌ ညနေ ၅ နာရီမှ ၁ဝ အထိ ဖျော်ဖြေ တင်ဆက်သွားမည် ဖြစ်သည်။

“၇၄-၇၅ တုန်းက အလုပ်သမားတွေဟာ မြန်မာ့နိုင်ငံရေးအပေါ် ဦးဆောင်ခဲ့တယ်။ ၁၉၈၈ မှာ ကျောင်းသားတွေ ဦးဆောင်ခဲ့တယ်။ မနှစ်က ၂ဝဝ၇ ခုနှစ်မှာ သံဃာတွေ ဦးဆောင်ခဲ့တယ်။ ဘယ်သူတွေက ဦးဆောင်မှု ကဏ္ဍကနေပဲ ပြောင်းပြောင်း ကျနော်တို့ တိုက်နေတဲ့ တိုက်ပွဲ၊ ကျနော်တို့ လှုပ်ရှားမှုတခုလုံး ငြိမ်းချမ်းရေးကို လိုချင်တဲ့ အတွက်ကြောင့် ကျနော်တို့ ဒါကို လုပ်ဆောင်တာ ဖြစ်ပါတယ်” ဟု စီစဉ်သူ ကိုသောမတ်စ်စိုးက မဇ္ဈိမကို ပြောသည်။

“မြို့တိုင်းမြို့တိုင်းမှာ နာမည်တွေ ကွဲတာပေါ့လေ။ မဲလ်ဘုန်းမြို့နယ်မှာဆို Melbourne Night ဆိုပြီး စီစဉ်ထားတယ်။ ပါတ်သ်မှာတော့ Burmese Youth Live Show ပေါ့လေ။ အဲဒီလိုလုပ်ဖို့ အစီအစဉ် ရှိတယ်။ သို့သော်လည်း Show တခုလုံးရဲ့ ခေါင်းစဉ်ကတော့ “ငြိမ်းချမ်းရေးတိုက်ပွဲ” ပေါ့”

ဂီတ ဖျော်ဖြေပွဲများအတွက် ပရိသတ်များအား မြို့နယ်အလိုက် တဦးလျှင် လက်မှတ်တစောင်ကို ဒေါ်လာ ၂ဝ-၃ဝ-၅ဝ သတ်မှတ်ထားသည်။

ဆစ်ဒနီမြို့မှ လက်မှတ်ရောင်းချနေသူတဦးက “ပါတ်သ်မြို့နယ်မှာ ဆိုမှာက မနက်ဖြန်ပဲ ဆိုတော့ သူတို့က တော်တော်လေး ရောင်းရသွားပြီ။ မဲလ်ဘုန်းမြို့နဲ့ ဆစ်ဒနီမြို့နယ်မှာ လက်ရှိတော့ ၈ဝဝ လောက်  ရောင်းရထားပြီးပြီ” ဟု ပြောသည်။

အဆိုတော် မွန်းအောင်သည် ၁၉၈၄ ခုနှစ်မှ စတင်ကာ “၂/၈၂ အင်းလျား”၊ “မိုးလုံးမှိုင်း” ၊ “စိဉ္စမာနဉာဏ်”၊ “လွမ်းရတဲ့ညတွေ လွန်ပါစေ” တေးစီးရီးများဖြင့် မြန်မာပြည် ဂီတလောကတွင် အောင်မြင်ခဲ့သည်။  

နိုင်ငံရေး ထက်သန်သူ ကိုမွန်းအောင်သည် ၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ထိုင်း-မြန်မာနယ်စပ်သို့ တောခိုခဲ့သည်။

၁၉၈၈ မှ ၁၉၉၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း သူသည် ကျောင်းသားတပ်မတော် တပ်ရင်း ၁ဝ၂ နှင့် ၁ဝ၄ တပ်ရင်းတွင် ပါဝင်ခဲ့သည်။

၁၉၉၃ ခုနှစ်တွင် နော်ဝေးနိုင်ငံသို့ အခြေချခဲ့ပြီး ၁၉၉၆ ခုနှစ်အထိ ဒီမိုကရက်တစ် မြန်မာ့အသံ တွင် တာဝန် ထမ်းဆောင်ခဲ့သေးသည်။

ကိုမွန်းအောင်သည် ယခုအခါ သမီးဖြစ်သူနှင့်အတူ နော်ဝေးနိုင်ငံတွင် နေထိုင်လျက် ရှိသည်။
 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved