|
မြန်မာလွှတ်တော်အဖွဲ့က ပြည်တွင်းအမတ်များ ပေးစာကို ထောက်ခံ |
|
|
|
မြင့်မောင်
|
|
တနင်္လာနေ့၊ ဂျူလိုင်လ 28 2008 21:18 - မြန်မာစံတော်ချိန် |
နယူးဒေလီ။ ။ မြန်မာပြည်တွင်းရှိ လွှတ်တော်ကိုယ်စားလှယ် ၅ ဦးမှ မကြာသေးခင်က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ထံ ပေးပို့ခဲ့သည့် အိတ်ဖွင့်ပေးစာနှင့် ပတ်သက်ပြီး ပြည်ပရောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ MPU (Burma) မှာ ထောက်ခံလိုက်သည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီရေးအတွက် မြန်မာနိုင်ငံ၌ ကုလသမဂ္ဂ၏ အခန်းကဏ္ဍကို ရည်ညွှန်းကာ ကုလသမဂ္ဂ အနေဖြင့် နအဖ ၏ အဆင့် ၇ ဆင့် လမ်းပြမြေပုံနှင့် အခြေခံ ဥပဒေကို အသိအမှတ်မပြုကြောင်း ကျေညာရန် အချိန်ကျပြီဟု တောင်းဆိုလိုက်သည့် ပေးစာအပေါ် MPU က ဇူလိုင်လ ၂၄ ရက်နေ့တွင် ကျေညာချက် ထုတ်ပြန်ကာ ထောက်ခံလိုက်ခြင်း ဖြစ်သည်။
“သူတို့ရဲ့ တောင်းဆိုချက်လေ၊ ကျနော်တို့ မြန်မာပြည်အတွက် အဓိက တောင်းဆိုသင့်၊ တောင်းဆိုထိုက်တဲ့ တောင်းဆိုချက် ဖြစ်တယ်။ နောက်တခုက သူတို့ ဘာပြောထားလဲဆိုတော့ ကုလသမဂ္ဂ ကနေပြီးတော့ ပြောထားတဲ့ ဆုံးဖြတ်ချက်တွေကို မလိုက်မနေရ လိုက်နာရမယ့် ဆုံးဖြတ်ချက်မျိုးကို ချမှတ်ဖို့ တောင်းဆိုထားတာကို ထောက်ခံတယ်” ဟု MPU အလုပ်အမှုဆောင် ကော်မတီဝင် ဦးခွန်မြင့်ထွန်းက ပြောသည်။
ယခုလ ၂၁ ရက်နေ့တွင် ပြည်တွင်းမှ ကိုယ်စားလှယ် ၅ ဦးက အနိမ့်ဆုံးအားဖြင့် ကျွန်ုပ်တို့သည် ကုလသမဂ္ဂက အာဏာရှင်များဘက်လိုက်ကာ မြန်မာပြည်သူကို အကာအကွယ်မဲ့ အနေအထားသို့ တွန်းပို့သည်ကို မလိုလားကြောင်းနှင့် အတွင်းရေးမှူးချုပ်နှင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီသည် နအဖ အား လမ်းပြမြေပုံကို စွန့်လွှတ်၍ တိတိကျကျ သတ်မှတ်ထားသည့် အချိန်ဇယားအတွင်း နိုင်ငံရေးအဖြေတခု စေ့စပ် ဆွေးနွေးယူနိုင်ရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် ချက်ချင်း စတင်ဆွေးနွေးရန် မလိုက်နာမနေရ ဆုံးဖြတ်ချက်တခုကို ချမှတ်ပေးရန် ရေးသားခဲ့သည်။
ပူးကျင့်ရှင်းထန် (တီးတိန် ၂၊ ဇိုမီးအမျိုးသား ကွန်ဂရက်၊ လွှတ်တော် ကိုယ်စားပြု ကော်မတီဝင်)၊ ဦးသိန်းဖေ (ကန့်ဘလူ ၁၊ တသီးပုဂ္ဂလ၊ လွှတ်တော် ကိုယ်စားပြု ကော်မတီဝင်)၊ ဒေါက်တာမြင့်နိုင် (ကန့်ဘလူ ၂၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်)၊ ဦးညီပု (ဂွမြို့၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်)နှင့် ဒေါက်တာတင်မင်းထွဋ် (ပန်းတနော်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်) က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် ကုလလုံခြုံရေးကောင်စီ နိုင်ငံများ၏ အမြဲတန်း ကိုယ်စားလှယ်များကို လိပ်မူကာ အိတ်ဖွင့်ပေးစာကို ပေးပို့ခဲ့ခြင်း ဖြစ်သည်။
MPU ၏ ကျေညာချက်တွင်မူ ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီး၏ မြန်မာ့အရေးဆိုင်ရာ ဆုံးဖြတ်ချက်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်နှင့် ပြည်တွင်းမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၅ ဦး၏ တိုက်တွန်းချက်အတိုင်း နအဖ ၏ အဆင့် ၇ ဆင့်ပါ လမ်းပြမြေပုံသည် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် မဆီလျော်၊ အရာမရောက်တော့သလို နအဖ ၏ အခြေခံဥပဒေ (၂ဝဝ၈) သည် ဥပဒေနှင့်မညီ တရားမဝင်ကြောင်း ဖော်ပြထားသည်။
ဦးခွန်မြင့်ထွန်းက “ကုသမဂ္ဂ အထွေထွေ ညီလာခံကြီးက ၉ဝ ခုနှစ်ရွေးကောက်ပွဲကို အကောင်အထည် ဖော်ပေးဖို့ ဒီနေ့အထိ လေးလေးနက်နက် တိုက်တွန်းတယ်။ ဒါပေမဲ့ ဘန်ကီမွန်း အပါအဝင် ကုလသမဂ္ဂ ကိုယ်စားလှယ်များက ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ ထုတ်ပြန်ချက်တွေကို ဆန့်ကျင်ပြီးတော့မှ လုပ်နေပြောနေတယ်လို့ အဲဒီလို ခံစားမိတယ်” ဟု ပြောသည်။
သူက ဆက်ပြီး “ကုလသမဂ္ဂက ကိုယ်စားလှယ်တွေကိုက ကုလသမဂ္ဂ အထွေထွေ ဆုံးဖြတ်ချက်တွေနဲ့ ဆန့်ကျင်နေတာတွေ ဖြစ်နေတယ်။ ပြန်ပြီးတော့မှ သူတို့ မေ့နေတဲ့ ကုလသမဂ္ဂက ဆုံးဖြတ်ချက်တွေကို ပြန်ပြီးတော့ သတိပေးတဲ့အနေနဲ့ ပြောတယ်လို့ မြင်တယ်” ဟု ပြောသည်။
|