သတင်း ဒေသန္တရသတင်း အေအေပီပီ က လူ့အခွင့်အရေးဆိုင်ရာစာအုပ် ထုတ်ဝေဖြန့်ချိ
အေအေပီပီ က လူ့အခွင့်အရေးဆိုင်ရာစာအုပ် ထုတ်ဝေဖြန့်ချိ Print E-mail
ဖနိဒါ   
တနင်္လာနေ့၊ ဂျူလိုင်လ 28 2008 21:16 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ လူ့အခွင့်အရေးဆိုင်ရာ ဘာသာပြန် စာအုပ်တအုပ်ကို နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) - အေအေပီပီ က ယနေ့တွင် ထုတ်ဝေ ဖြန့်ချိလိုက်သည်။

မြန်မာပြည်သူများ နည်းမျိုးစုံဖြင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို ဖော်ထုတ် တိုင်ကြားနိုင်ရန်အတွက် နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းများ၊ အသစ်ပြုပြင် ဖွဲ့စည်းလိုက်သည့် လူ့အခွင့်အရေး ကောင်စီ အကြောင်းနှင့် လက်ရှိ လုပ်ဆောင်နေသည့် လုပ်ငန်း ယန္တရားများကို အခန်းကြီး ၃ ခန်းခွဲကာ စာမျက်နှာ ၁ဝဝ ဖြင့် ထိုင်းအခြေစိုက် အေအေပီပီက ထုတ်ဝေလိုက်ခြင်း ဖြစ်သည်။

“ဘာအခွင့်အရေးတွေ ချိုးဖောက်ခံရတယ်၊ ချိုးဖောက်သူ ဘယ်သူလဲ၊ ဘယ်လိုပုံစံနဲ့လဲ၊ အချက်အလက် ခိုင်လုံအောင် ဘယ်လိုစုဆောင်းမလဲ၊ ဘယ်ကို ဘယ်လိုတိုင်ရမလဲ၊ ကုလသမဂ္ဂ အနေနဲ့ ဘယ်လို အရေးယူ ဆောင်ရွက်မှုတွေ လုပ်ပေးနိုင်သလဲ စသဖြင့် သိထားဖို့ပါ။ အခု ထုတ်ဝေတဲ့ စာအုပ်ထဲမှာ ဘာလုပ်ရမလဲ၊ ဘယ်လို လုပ်ရမလဲဆိုတဲ့ အသေးစိတ် အချက်အလက်တွေနဲ့ ဘယ်ကို တိုင်ကြားရမလဲဆိုတဲ့ လိပ်စာတွေကအစ အသေးစိတ်ပါတယ်” ဟု အေအေပီပီမှ အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောသည်။

စာအုပ်ထဲတွင် လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ပတ်သက်သည့် လူသတ်မှု၊ မုဒိန်းကျင့်မှု၊ ကလေးစစ်သား အသုံးပြုမှု၊ လူကုန်ကူးခံရမှု၊ မတရားဖမ်းဆီး နှိပ်စက်ခံရမှု၊ အတင်းအဓမ္မ ရွှေ့ပြောင်းခံရမှု၊ ခိုင်းစေခံရမှုများကို အခန်းလိုက် ဖော်ပြထားသည်။

ထို့အပြင် တရားလက်လွတ် ကွပ်မျက်သတ်ဖြတ်မှု၊ လူနည်းစုလူမျိုးများ အခွင့်အရေး၊ နှိပ်စက်ညှဉ်းပန်းမှု၊ ဘာသာရေးလွတ်လပ်ခွင့်နှင့် မတရားသဖြင့် ဖမ်းဆီး ထိန်းသိမ်းခြင်းဆိုင်ရာ စသဖြင့် အထူးလုပ်ငန်းစနစ် ၂၈ ခုအပြင် လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေ အင်မတန် ဆိုးရွားသည့် နိုင်ငံများကို ကိုင်တွယ် အရေးယူနိုင်ရန် နိုင်ငံတခုချင်းဆိုင်ရာ အထူးလုပ်ငန်းစနစ် ၁၃ ခုလည်း ပါဝင်သည်။

စာအုပ်အမည်မှာ ‘ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အဓိက လုပ်ငန်းယန္တရားများ (၂ဝဝ၂)’ ‘လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းဆောင်ရွက်ချက်များ’ ဖြစ်ပြီး မူရင်းစာတမ်းသည် The United Nations Thematic Mechanisms 2002, An overview of their work and mandates ဖြစ်သည်။

မူရင်းကို လန်ဒန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) နှင့် အင်္ဂလန်နှင့် ဝေးလ်စ် ဥပဒေရေးရာအဖွဲ့ The Law Society တို့မှ ၂ဝဝ၂ ခုနှစ်တွင် ပူးတွဲထုတ်ဝေခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့နိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အခြေအနေတွေကနေ တစုံတရာ အတိုင်းအတာထိ ကာကွယ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီအချက်အလက်တွေ ရတဲ့အတွက် စနစ်တကျ အချက်အလက်တွေ စုဆောင်းရမယ် ဆိုတာ သိမယ်၊ ကိုယ်က ဘယ်လို လူ့အခွင့်အရေး ချိုးဖောက် ခံနေရတယ်ဆိုတာ သိလာမယ်၊ အဲလိုသိလာတော့ လူ့အခွင့်အရေး ချိုးဖောက်မှုကို ကာကွယ်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်” ဟု ကိုတိတ်နိုင်က ပြောသည်။
 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved