သတင်း ဒေသန္တရသတင်း ထိုင်းနိုင်ငံခရီးစဉ်အတွင်း သမ္မတ ဘုရှ် က မြန်မာအတိုက်အခံများနှင့် တွေ့ဖွယ်ရှိ
ထိုင်းနိုင်ငံခရီးစဉ်အတွင်း သမ္မတ ဘုရှ် က မြန်မာအတိုက်အခံများနှင့် တွေ့ဖွယ်ရှိ Print E-mail
မဇ္ဈိမသတင်းဌာန   
တနင်္လာနေ့၊ ဂျူလိုင်လ 28 2008 21:11 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ အမေရိကန်သမ္မတ ဂျော့ခ်ျဒဗလျူဘုရှ် (George W. Bush) သည် သြဂုတ်လအတွင်း သွားရောက်မည့် ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း တက်ကြွလှုပ်ရှားသူ မြန်မာများနှင့် တွေ့ဆုံဖွယ် ရှိသည်ဟု ဘန်ကောက်ရှိ သတင်းရပ်ကွက်များက ဆိုသည်။

ထိုင်းနိုင်ငံသို့ သူ၏ ၂ ရက်ကြာခရီးစဉ်အတွင်း မြန်မာအနည်းငယ်နှင့် နိုင်ငံရေး အကဲခတ်အချို့ကို နေ့လယ်စာ စားရင်း တွေ့ဆုံဖွယ် ရှိသည်ဟု အမည်မဖေါ်လိုသူ အဆိုပါ သတင်းရပ်ကွက်က ပြောကြားခြင်း ဖြစ်သည်။

ထိုင်းနှင့် အမေရိကန် ၂ နိုင်ငံအကြား ၂ နိုင်ငံအကျိုးတူ ဆက်ဆံရေးကို ထူထောင်ခဲ့သည့် ၁၇၅ နှစ်မြောက် အထိန်းအမှတ်အဖြစ် အမေရိကန်သမ္မတနှင့် ဇနီးဖြစ်သူ လော်ရာဘုရှ်သည် ထိုင်းနိုင်ငံသို့ သြဂုတ်လ ၆ ရက်နေ့တွင် ရောက်ရှိမည် ဖြစ်သည်။ ဤခရီးစဉ်သည် သူ၏ သမ္မတ သက်တမ်းအတွင်း အာရှဒေသသို့ နောက်ဆုံးခရီးစဉ် ဖြစ်လိမ့်မည်ဟု ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာကြီးက ရေးသား ဖေါ်ပြထားသည်။

သူ၏ ခရီးစဉ်အတွင်း သမ္မတဘုရှ်သည် ဘန်ကောက်မြို့တွင် မိန့်ခွန်းတရပ်ကိုလည်း ပြောကြားလိမ့်မည်။

“သမ္မတဘုရှ်သည် အာရှဒေသနှင့် စပ်လျဉ်း၍ မိန့်ခွန်းတရပ်ကို ဘန်ကောက်မြို့တွင် ရောက်ရှိနေစဉ် ပြောကြားလိမ့်မည်” ဟု ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ သာရစ်ဂျာရွန်ဗတ် (Tharit Jarungvat) ကို ကိုးကားပြီး သတင်းစာကြီးက ရေးသား ဖေါ်ပြထားသည်။ “အာရှရေးရာနှင့် စပ်လျဉ်း၍ ဤမိန့်ခွန်းမှာ နောက်ဆုံး မိန့်ခွန်းဖြစ်မည်ဖြစ်၍ အရေးပါပါသည်” ဟု ဆက်လက် ပြောဆိုသွားသည်။

ထိုင်းဝန်ကြီးချုပ် ဆမတ် (Samak) အပါအဝင် ထိုင်းနိုင်ငံ တာဝန်ရှိသူ အရာရှိကြီးများနှင့် တွေ့ဆုံရာတွင် သမ္မတဘုရှ်သည် မြန်မာ့အရေး ကိစ္စများကိုလည်း ထည့်သွင်း ပြောကြားလိမ့်မည်ဟု မျှော်လင့်ရပါသည်။

သူ၏ သမ္မတသက်တမ်းအတွင်း သမ္မတဘုရှ်သည် မြန်မာစစ်အစိုးရအပေါ် ပြင်းထန်တင်းကျပ်သည့် စီးပွါးရေးနှင့် ဘဏ္ဍာရေး ပိတ်ဆို့ အရေးယူမှုများကို ပြုလုပ်ခဲ့သည်။ မြန်မာ့အရေးကိစ္စကို ကုလလုံခြုံရေး ကောင်စီသို့ ရောက်အောင် တင်သွင်း ဆွေးနွေး၍ မြန်မာ့အရေး ဆုံးဖြတ်ချက် ချမှတ်နိုင်အောင် တွန်းအားပေး ဆောင်ရွက်ခဲ့သည်။

သူ၏ ကြိုးပန်းမှုကို ဗြိတိန်နှင့် ပြင်သစ်နိုင်ငံက ထောက်ခံခဲ့ကြသော်လည်း လုံခြုံရေး ကောင်စီတွင် ဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့ခြင်း မရှိဘဲ ကုလလုံခြုံရေးကောင်စီ ဥက္ကဋ္ဌ၏ ကြေညာချက်ဖြင့်သာ အဆုံးသတ်ခဲ့ရသည်။ မြန်မာ့အရေး ဆုံးဖြတ်ချက်မူကြမ်းကို ဗီတိုအာဏာပိုင် နိုင်ငံများဖြစ်သော တရုတ်နှင့် ရုရှတို့က ကန့်ကွက် ပယ်ချခဲ့ကြသည်။

ထိုင်းနိုင်ငံ ခရီးစဉ်အပြီးတွင် သမ္မတ ဂျော့ဘုရှ်သည် သြဂုတ်လ ၈ ရက်နေ့တွင် ကျင်းပမည့် ကမ္ဘာ့အိုလံပစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ဆက်လက် ထွက်ခွါသွားလိမ့်မည်။

 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved