သတင်း ဒေသန္တရသတင်း လေဘေးအတွက် ဂျပန်ရောက် မြန်မာ့ဂီတပွဲ ကျပ် သိန်း ၄ဝ ခန့် ရရှိ
လေဘေးအတွက် ဂျပန်ရောက် မြန်မာ့ဂီတပွဲ ကျပ် သိန်း ၄ဝ ခန့် ရရှိ Print E-mail
သန်းထိုက်ဦး   
တနင်္လာနေ့၊ ဂျူလိုင်လ 28 2008 21:09 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ နာဂစ်မုန်တိုင်း လေဘေးဒုက္ခသည်များ ရန်ပုံငွေအတွက် ဂျပန်နိုင်ငံတွင် ယမန်နေ့က မြန်မာ အဆိုတော်များဖြင့် ဂီတဖျော်ဖြေပွဲ ကျင်းပရာ ကျပ်ငွေ သိန်း ၄ဝ ခန့် ရရှိခဲ့သည်။

နာမည်ကြီး အဆိုတော်များဖြစ်သည့် ခင်မောင်တိုး၊ R ဇာနည်၊ မေခလာ၊ မေစံပယ်ညိုနှင့် ဂီတမှူး မြတ်မင်းတို့ ဦးဆောင်သီဆိုပြီး ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ Kokaldo ခန်းမ၌ ယမန်နေ့ ညနေ ၆ နာရီခွဲမှ ည ၁ဝ နာရီအထိ ကျင်းပခဲ့သော ဂီတဖျော်ဖြေပွဲမှ လေဘေးရန်ပုံငွေ ကျပ် သိန်း ၄ဝ ခန့် ရရှိခဲ့ခြင်း ဖြစ်သည်။

“ကိုယ့်နိုင်ငံမှာ ဒုက္ခရောက်နေတယ် ဆိုတော့ ဟိုလူလုပ်လို့ ဒီလူ မလုပ်ဘူးဘဲဖြစ်ဖြစ်၊ သူတို့လုပ်တယ် ငါတို့လုပ်တယ် မဟုတ်ဘဲနဲ့ ဘယ်သူလုပ်လုပ် မလုပ်လုပ် ငါတို့လုပ်ချင်တာ လုပ်မယ်ဆိုတဲ့ စိတ်ကို ထားခဲ့ပြီးတော့ပဲ ဒီပွဲကို လုပ်သင့်တယ်ဆိုပြီးတော့ လုပ်ကြတာပါပဲ” ဟု ဂီတပွဲ စီစဉ်သူတဦးက မဇ္ဈိမကို ပြောသည်။

ဖျော်ဖြေပွဲမှ ရရှိခဲ့သော ငွေများကို အဆိုတော်များထံ အပ်နှံပြီး သူတို့ကတဆင့် လေဘေးဒုက္ခသည်များထံ ပေးပို့သွားမည်ဟု သူက ယခုလို ဆက်ပြောပြသည်။

“အဆိုတော်တွေကို အကူအညီ သွားတောင်းပြီးတော့ မြန်မာပြည်ထဲကို ကျပ်ငွေ သိန်း ၄ဝ လောက် ရတဲ့ငွေကို ထည့်ပေးလိုက်တယ်” ဟု သူက ပြောသည်။

မြန်မာ ဂီတဖျော်ဖြေပွဲအား အထူးတန်း ကြိုတင်လက်မှတ် တစောင်လျှင် ယန်းငွေ ၅ဝဝဝ ခန့် ပေးရပြီး ဂျပန်ရောက် မြန်မာပြည်သား ၄ဝဝ ခန့်က လာရောက် အားပေးခဲ့ကြသည်။

အဆိုတော် မေခလာက “ကိုယ့်မောင်နှမတွေ ပြန်တွေ့ရသလို ခံစားရတယ်။ ပရိသတ်တွေကလည်း အမတို့ကို လှိုက်လှိုက်လှဲလှဲ အားပေးတဲ့အတွက်ကြောင့် အမတို့ အပေါင်းအဖော်တွေက အားလုံး ပျော်ကြတာပေါ့နော်” ဟု ပြောသည်။
 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved