|
ချားလ်မင်းသားကြီးက မြန်မာကျောင်းသားများကို လက်ခံတွေ့ဆုံ |
|
|
|
မဇ္ဈိမသတင်းဌာန
|
|
ကြာသပတေးနေ့၊ ဂျူလိုင်လ 10 2008 14:33 - မြန်မာစံတော်ချိန် |
ချင်းမိုင်။ ။ ဗြိတိန် အိမ်ရှေ့မင်းသား ချားလ်က မြန်မာကျောင်းသားများနှင့် ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့သည်။
Prospect Burma အထောက်အပံ့ဖြင့် ကျောင်းတက်နေခဲ့ကြသော ကျောင်းသား၊ ကျောင်းသူ ဦးရေ ၂ဝ ခန့်ကို ထီးနန်း အရိုက်အရာ ဆက်ခံမည့် ချားလ်မင်းသားက လန်ဒန်မြို့တွင် ယမန်နေ့က တွေ့ဆုံခြင်း ဖြစ်သည်။
တွေ့ဆုံရာတွင် ပါဝင်ခဲ့သူတဦး ဖြစ်သော ဇိုယာဖန်က မဇ္ဈိမကို ပြောကြားရာတွင် “အခုလို Prince Charles နဲ့ တွေ့ရလို့ တကယ့်ကို အားရပျော်ရွှင်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုအခွင့်အရေးမျိုးဟာ မြန်မာပြည်သားတွေအတွက် ထူးခြားတဲ့ အခွင့်အရေးပါ။ နောက် သူက အခု မြန်မာပြည်အရေးကို တော်တော်လေး စိတ်ဝင်စားလာတယ်” ဟု ပြောသည်။
မြန်မာကျောင်းသားများကလည်း လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှုများနှင့် ပတ်သက်ပြီး အိမ်ရှေ့မင်းသားကြီးကို ပြောကြားခဲ့ကြသည်။
“သူ ပြောသွားတာကတော့ မြန်မာလူထုအတွက် အဖက်ဖက်က အတတ်နိုင်ဆုံး ကူညီမယ်လို့ ပြောသွားပါတယ်” ဟု ဇိုယာဖန်က ပြောသည်။
လက်ရှိ နေအိမ်အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်က သူမ ရရှိခဲ့သော နိုဘယ်လ် ငြိမ်းချမ်းရေးဆုမှ ဆုတော်ငွေဖြင့် မြန်မာနိုင်ငံသား ပညာတော်သင် ကျောင်းသား၊ ကျောင်းသူများကို ထောက်ပံ့ရန် စီစဉ်ခဲ့ရာမှ Prospect Burma အဖွဲ့ ပေါ်ထွန်းလာခဲ့သည်။
ယူကေနိုင်ငံသည် မြန်မာစစ်အစိုးရကို အပြင်းအထန် ဆန့်ကျင်နေခဲ့ပြီး အမေရိကန်နိုင်ငံက မြန်မာစစ်အစိုးရကို အရေးယူရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ၂၀၀၇ ခုနှစ် ဇန်န၀ါရီက အဆိုတင်သွင်းရာတွင် ထောက်ခံခဲ့သည်။ လုံခြုံရေး ကောင်စီသို့ တင်သွင်းသော အဆိုပြုချက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန်နှင့် လူ့အခွင့်အရေးကို လေးစား လိုက်နာရန်တို့ ပါဝင်ခဲ့သည်။
သို့သော်ငြားလည်း ဗီတိုအာဏာ သုံးနိုင်ခွင့်ရှိသည့် အခြား နိုင်ငံများဖြစ်သော တရုတ်နှင့် ရုရှားက အဆိုပြုချက်ကို ပယ်ချခဲ့သည်။
|