သတင်း ဒေသန္တရသတင်း DFID က Save the Children အဖွဲ့ ကူညီပုံကို ကန့်ကွက်
DFID က Save the Children အဖွဲ့ ကူညီပုံကို ကန့်ကွက် Print E-mail
ဆော်လမွန်   
ကြာသပတေးနေ့၊ ဇွန်လ 26 2008 15:30 - မြန်မာစံတော်ချိန်

နယူးဒေလီ။     ။ မြန်မာ လေဘေး ဒုက္ခသည်များကို အကူအညီ ဖြန့်ဝေမှုနှင့် စပ်လျဉ်း၍ မကြုံစဖူး အချင်းများမှုတခု ဖြစ်ပွားခဲ့သည်။ အင်္ဂလန် နိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာန (DFID) က ကယ်ဆယ်ရေး ပစ္စည်းများ ဖြန့်ဖြူးရာတွင် မြန်မာ စစ်အစိုးရမှတဆင့် ဖြန့်ဝေ ပေးပို့ခဲ့သည့်အတွက် အကူအညီပေးရေး အုပ်စုတခုကို ကန့်ကွက်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်သည်။

DFID သည် လေဘေး ဒုက္ခသည်များအတွက် အကူအညီပေးရေး အုပ်စု အတော်များများကို အလှူငွေများ ပေးအပ်ခဲ့သည်။ ပလပ်စတစ် မိုးကာစ ၉ဝဝဝ ကို အစိုးရအား မုန်တိုင်း ဒုက္ခသည်များကို ဖြန့်ဝေပေးရန် ပေးအပ်ခဲ့သဖြင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းတခု ဖြစ်သည့် ‘Save the Children’ ကို ကန့်ကွက်ခြင်း ဖြစ်သည်။

ဤကန့်ကွက်ချက်ကို DFID က မြန်မာနိုင်ငံ မုန်တိုင်း ဒုက္ခသည်များအား အကူအညီပေးရေးနှင့် စပ်လျဉ်း၍ ဇွန်လ ၃ ရက်နေ့ နေ့စွဲဖြင့် စာနှင့် ရေးသား ထုတ်ပြန်ထားသည့် ပါလီမန် ကြေညာချက်အရ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဤကြေညာချက်တွင် ‘မည်သည့် အင်္ဂလန်နိုင်ငံ၏ အကူအညီ မျှ မြန်မာအစိုးရ၏ လက်မှတဆင့် ပေးအပ်ခြင်း မပြုရ’ ဟု ဖော်ပြပါရှိသည် ဟု DFID ၏ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားသွားသည်။

နိုင်ငံတကာ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနဝန်ကြီး ဒေါက်ဂလပ် အလက်ဇင်းဒါး (Douglas Alexander) က “အဆိုပါ ပလပ်စတစ် မိုးကာစ ၉ဝဝဝ သည် အင်္ဂလန်နိုင်ငံက မြန်မာနိုင်ငံသို့ လူသားချင်းစာနာသည့် အကူအညီအဖြစ် ပေးအပ်ရန် ကတိပြုထားသည့် စုစုပေါင်း အထောက်အပံ့ ပေါင်စတာလင် ၂၇ ဒဿမ ၅ သန်း၏ ဝ ဒဿမ ၂၅ ရာခိုင်နှုန်း ရှိသည်” ဟု ဇွန်လ ၁၈ ရက်နေ့ တွင် ဝန်ကြီးဌာန ကြေညာချက် ထုတ်ပြန်ပြောကြားခဲ့သည်။

“ဒီပလပ်စတစ်စတွေကို မြန်မာအစိုးရကို ပေးအပ်ခဲ့တာ မဟုတ်ပါဘူး။ ဒါတွေကို ထိပ်တန်း အန်ဂျီအိုတခုဖြစ်တဲ့ 'Save the Children' ကို ဒုက္ခသည်တွေကို တဆင့်ဝေငှ ဖြန့်ဖြူးပေးဘို့ ပေးအပ်ခဲ့တာပါ” ဟု DFID ၏ ပြောရေးဆိုခွင့်ရှိသူက မဇ္ဈိမကို အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

DFID အနေဖြင့် ဆိုင်ကလုံး ဒုက္ခသည်များအတွက် အကူအညီပေးရေး ကြိုးပန်း ဆောင်ရွက်မှုများကို ထိန်းချုပ် ကန့်သတ်သွားရန် အစီအစဉ် မရှိပါဟု ဆိုပြီး၊ သို့သော်လည်း သက်ဆိုင်ရာ အကူအညီပေးရေး အုပ်စုများကိုမူ နောင်တွင် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာပါရန် မေတ္တာ ရပ်ခံသွားမည်ဟု ဆိုလိုက်သည်။

“ကျနော်တို့ အခု အကူအညီတွေကို ဘယ်လို ဖြန့်ဖြူး ပေးနေတယ်ဆိုတာ စောင့်ကြည့်နေပါတယ်။ နောင်မှာ အလားတူ အဖြစ်အပျက်မျိုးတွေ ထပ်မံ မဖြစ်ပွားစေမယ့် အစီအစဉ်တွေ၊ အပြောင်းအလဲတွေ လုပ်နေပါတယ်” ဟု အဆိုပါ ပြောခွင့်ရပုဂ္ဂိုလ်က ဆက်ပြောသည်။

သို့သော် DFID ၏ စွပ်စွဲချက်နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ မုန်တိုင်းဒဏ် ခံခဲ့ရသည့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းသို့ အစောဆုံး ရောက်ရှိသွား ခဲ့သော အဖွဲ့ဖြစ်သည့် 'Save the Children' အဖွဲ့ထံမှ ရှင်းလင်းချက် တစုံတရာ ယခုချက်ချင်း မရရှိသေးပါ။

'Save the Children' အဖွဲ့က အဆိုပါ ပလပ်စတစ်စ ၉ဝဝဝ ကို မြန်မာစစ်အစိုးရ အာဏာပိုင်များထံ အမှန်တကယ် ပေးအပ်ခဲ့ခြင်း ရှိ၊ မရှိ ရှင်းလင်းစွာ မသိရသေးပါ။ သို့သော် ပုဂ္ဂလိက အလှူရှင်များ အပါအဝင် အကူအညီပေးရေး အုပ်စုများကို ဆိုင်ကလုံး ဒုက္ခသည်များအား အကူအညီပေးရာတွင် လိုက်နာရမည့် စည်းကမ်းချက် အများအပြားကို စစ်အစိုးရက အစောပိုင်းက ထုတ်ပြန်ခဲ့သည်ဟု ရန်ကုန်မှ အကူအညီပေးရေး လုပ်သားတဦးက မဇ္ဈိမကို ပြောကြားသွားသည်။

ပုဂ္ဂလိက အလှူရှင်များသည် မြစ်ဝကျွန်းပေါ်ဒေသသို့ သွားရောက်ခွင့် ရရေးအတွက် ဒေသန္တရ အာဏာပိုင်များကို လာဘ်ထိုးနေရသည်ဟု နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီတခုတွင် အလုပ် လုပ်ကိုင်နေသည့် မြန်မာလူမျိုး အကူအညီပေးရေး လုပ်သားတဦးက ပြောသည်။

“ဒီအုပ်စုတွေ အတော်များများက ဒေသန္တရ အာဏာပိုင်တွေကို လာဘ်ငွေတွေ အများကြီးထိုးပြီး သွားနေရတာ။ မီဒီယာတွေကိုလည်း ထုတ်မပြောချင်ဘူး။ သူတို့လုပ်နေတဲ့ မုန်တိုင်းဒုက္ခသည် ကယ်ဆယ်ရေး လုပ်ငန်းတွေကို အကြီးအကျယ် ထိခိုက်သွားမှာ စိုးလို့” ဟု အမည် မဖော်လိုသည့် အဆိုပါ အကူအညီ ပေးရေးလုပ်သားက ပြောသည်။

ဤအတောအတွင်း လော်ဘီအဖွဲ့ တခုဖြစ်သည့် 'Burma Campaign UK' ကလည်း 'Save the Children' အဖွဲ့ကို စွပ်စွဲချက်များနှင့် စပ်လျဉ်း၍ မိမိတို့ စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်သည်။

“ဒီလို 'Save the Children' အဖွဲ့က အကူအညီတွေကို စစ်အစိုးရကို တိုက်ရိုက် ပေးအပ်လိုက်တာနဲ့ ပတ်သက်လို့ ကျနော်တို့ အများကြီး စိတ်ပျက်မိတယ်။ အများကြီးလည်း စိုးရိမ် ပူပန်ပါတယ်” ဟု ဘားမားကင်ပိန်းယူကေ ၏ ဒါရိုက်တာ အင်နာရောဘတ်စ် (Anna Roberts) က ပြောဆိုသွားသည်။

မည်သို့ပင်ဖြစ်စေ ဤသို့ ဖြစ်ပွားရသည့် အကြောင်းမှာ လူသားချင်း စာနာသည့် အကူအညီများ ပေးအပ်ရေးနှင့် စပ်လျဉ်း၍ စစ်အစိုးရက အကန့် အသတ်များ ပြုလုပ်ခဲ့ခြင်းနှင့် ကယ်ဆယ်ရေး ပစ္စည်းများကို သူတို့ကိုယ်တိုင် ပေးအပ်ခြင်းဖြင့် နာမည်ကောင်း ယူလိုခြင်းတို့ ဖြစ်နိုင်သည်။

“ကျနော်ထင်တာ အခု ကျနော်တို့ စောင့်ကြည့်ဘို့လိုတာက ဒီအကူအညီပေးရေး အေဂျင်စီတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက ဒီကန့်သတ်ချက် တွေကို အမှန်တကယ် စိန်ခေါ်ကန့်ကွက်တာ လုပ်၊ မလုပ်နဲ့ ဒီစစ်အစိုးရနဲ့ တကယ့်ကို လက်တွဲ မလုပ်ဘို့ ကြိုးစားလား၊ မကြိုးစားဘူးလားဆိုတာ ကြည့်ဘို့ပါပဲ” ဟု ရောဘတ် က ပြောသည်။

“မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံကို နောက်တခေါက်သွားဘို့ လိုပါတယ်။ အပြောင်းအလဲတွေ လုပ်ပေးဘို့ စစ်အစိုးရကို အမှန်တကယ် ဖိအား ပေးဘို့ လိုပါတယ်” ဟုလည်း ရောဘတ် (Roberts) က ဆက်ပြောသည်။
 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved