သတင်း ဒေသန္တရသတင်း နအဖ အခြေခံဥပဒေ အခြေခံကောင်းမဟုတ်ဟု ဗြိတိန်၊ ပြင်သစ် ပြောကြား
နအဖ အခြေခံဥပဒေ အခြေခံကောင်းမဟုတ်ဟု ဗြိတိန်၊ ပြင်သစ် ပြောကြား Print E-mail
နေသွင်   
သောကြာနေ့၊ ဇွန်လ 20 2008 17:37 - မြန်မာစံတော်ချိန်

ချင်းမိုင်။     ။ နအဖ ဆန္ဒခံယူပွဲသည် ယုံကြည်လောက်သော ဖြစ်စဉ် မဟုတ်သလို ဥပဒေ အသစ်ကလည်း မြန်မာပြည်၏ အနာဂတ် နိုင်ငံရေး အတွက် ကောင်းမွန်သော အခြေခံမဟုတ်ဟု ကမ္ဘာ့ထိပ်တန်း ခေါင်းဆောင် ၂ ဦးက သဘောထား ထုတ်ပြန်သည်။

ယမန်နေ့က ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်၏ ၆၃ နှစ်ပြည့် မွေးနေ့နှင့် တိုက်ဆိုင်၍ ထုတ်ပြန်သော အိတ်ဖွင့်ပေးစာတွင် ဗြိတိသျှ ဝန်ကြီးချုပ် ဂျော်ဒန်ဘရောင်းနှင့် ပြင်သစ်သမတ နီကိုလက် ဆာကိုဇီတို့က ကမ္ဘာ့နိုင်ငံကြီး ၂ နိုင်ငံ၏ သဘောထားကို ထင်ဟပ် ဖော်ပြလိုက်ခြင်း ဖြစ်သည်။

ကမ္ဘာ့အင်အားကြီး ၂ နိုင်ငံမှ အကြီးအကဲများ၏ ပူးတွဲစာတွင် “ကျင်းပ ပြီးစီးသွားသော ဆန္ဒခံယူပွဲသည် ပြည်သူတို့၏ စစ်မှန်သော ဆန္ဒကို ထင်ဟပ်ရန် မှတ်ကျောက်ထင်ခံနိုင်မှု ကင်းမဲ့သဖြင့် ဖွဲ့စည်းပုံ အသစ်သည် မြန်မာပြည်၏ အနာဂတ် နိုင်ငံရေး တိုးတက်မှုတွင် ကောင်းမွန်သော အခြေခံတခု ဖြစ်လာမည်ဟု ကျွန်ုပ်တို့ မယုံကြည်” ဟု ဖော်ပြထားသည်။

မြန်မာပြည်၏ လက်ရှိ အကျပ်အတည်းကို ပြေလည်နိုင်ရေးအတွက် စစ်အစိုးရေ ခါင်းဆောင်ပိုင်းနှင့် တွေ့ဆုံ ဆွေးနွေးရန် ဒေါ်အောင်ဆန်း စုကြည်၏ အဆင်သင့်ဖြစ်မှုကို သူတို့က ကြိုဆိုသည်။

အကူအညီ အလုံအလောက် မရသော လေဘေး ဒုက္ခသည်များအတွက် အထူး စိုးရိမ်သည်ဟု ဖော်ပြသော စာတွင် အာဆီယံနှင့် ကုလ အထွေထွေ အတွင်းရေးမှူးချုပ်တို့၏ မြန်မာပြည်တွင် ဝင်ရောက် လုပ်ဆောင်မှုများကို ၂ နိုင်ငံလုံးက ကူညီရန် ဆုံးဖြတ်ထားသည်ဟုလည်း ပါရှိသည်။

ပြင်သစ်နှင့် ဗြိတိန်သည် ကယ်ဆယ်ရေး ပစ္စည်းများ တင်ဆောင်သော သဘောင်္များကို မြန်မာပြည် ဆိုင်ကလုန်း ဒုက္ခသည်များကို ဝင်ရောက် ကယ်ဆယ်ရန် မြန်မာ့ ရေပိုင်နက် အနီးတွင် ရက်သတ္တပတ် အတန်ကြာ စောင့်ဆိုင်းခဲ့သော်လည်း မအောင်မြင်ခဲ့သော နိုင်ငံများ ဖြစ်သည်။

လွန်ခဲ့သော တလအတွင်းက မုန်တိုင်း ဒုက္ခသည်များ အရေးကို အလေးထား အာရုံစိုက်ခဲ့သော အင်အားကြီး ၂ နိုင်ငံ၏ မြန်မာပြည်နိုင်ငံရေး ထုတ်ဖော် ပြောဆိုမှုသည် ဆိုင်ကလုန်း နောက်ပိုင်း ရှားပါးသော တရားဝင် ပြောဆိုမှု ဖြစ်သည်။

ပြီးခဲ့သော ရက်သတ္တပတ် အတွင်းက ကုလ လူ့အခွင့်အရေး စုံစမ်းရေးမှူးသစ် Tomas Qjea Quintana က သူ၏ ပထမဆုံး အစီရင်ခံစာတွင် ဆန္ဒခံယူပွဲသည် ယုံကြည်လောက်သော၊ ကျယ်ပြန့်စွာ လက်ခံနိုင်သော အခြေအနေ ဝေဝါးနေသည်ဟု ဖော်သားခဲ့သလို ဥရောပသမဂ္ဂ (အီးယူ) အဖွဲ့မှ မြန်မာပြည်ဆိုင်ရာ ကိုယ်စားလှယ် (Piero Fassino) က မြန်မာပြည်၏ နိုင်ငံရေး ပြဿနာကို မေ့ထားလို့မရဟု ထုတ်ပြောခဲ့သည်။

အလားတူပင် အမေရိကန်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Sean McCormack ကလည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် စစ်မှန်သော တွေ့ဆုံဆွေးနွေးမှု စတင်ရန် စစ်အစိုးရကို တိုက်တွန်းခဲ့သေးသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကမူ စစ်အစိုးရက ၉၂ ရာခိုင်နှုန်းကျော်ဖြင့် အတည်ပြုထားသော ဖွဲ့စည်းပုံသည် ဥပဒေကြောင်းအရ တရားဝင်မှု မရှိ ဟုဆိုကာ ပယ်ချထားသည်။ လွန်ခဲ့သော ၂ ရက်က ထုတ်ပြန်သော အဖွဲ့ချုပ်၏ သဘောထား ထုတ်ပြန်ချက်တွင် ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်နှင့်အညီ ပြည်သူ့လွှတ်တော် ခေါ်ရန် စစ်အစိုးရကို ထပ်မံ တောင်းဆိုထားသည်ကို တွေ့ရသည်။

ထိုင်းနိုင်ငံတွင် အခြေစိုက်သော မြန်မာအရေး လေ့လာသူ ဦးအောင်နိုင်ဦးက “ဒီအတိုင်းပဲ ဆက်သွားရင်တော့ ပြဿနာက မဆုံးဘူးပေါ့ဗျာ” ဟု ပြောသည်။

၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲအလွန် မြန်မာပြည် နိုင်ငံရေး အခြေအနေနှင့် ပတ်သက်၍ “နိုင်ငံတကာနဲ့ နောက်ထပ်လာမည့် အစိုးရ ဆက်ဆံရေး ဟာ လိပ်ခဲတည်းလည်း ဆက်ဖြစ်နေဦးမယ့် သဘောရှိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က ဖွဲ့စည်းပုံကို လက်ခံဖို့ အနေအထားမရှိဘူး။ ဖွဲ့စည်းပုံကလည်း လူ့အခွင့်အရေး ချိုးဖောက်မှုကို အားပေးမယ့် ပုံစံတွေ အများကြီး ရှိနေတော့” ဟု သူက  ပြောသည်။

သို့သော် ၂ဝ၁ဝ မတိုင်ခင်တွင် “ဘာတွေ ဖြစ်လာမလဲတော့ မသိဘူးပေါ့” ဟု သူက ဖြည့်စွက်ပြောသည်။

စစ်အစိုးရသည် စစ်တပ်က ဗီတိုအာဏာရှိသော ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၁၄ နှစ်ကြာ ရေးဆွဲခဲ့ပြီးနောက် မေလအတွင်း ဆန္ဒခံယူပွဲ ကျင်းပကာ ၉၂ ရာခိုင်နှုန်းကျော် ထောက်ခံမဲဖြင့် အတည်ပြုကြောင်း ကြေညာခဲ့သည်။

ဖွဲ့စည်းပုံကို အတည်ပြုမှုသည် စစ်အစိုးရအတွက် အရေးကြီးသော လမ်းပြမြေပုံ၏ အဆင့် ၄ ဖြစ်ပြီး ၂ဝ၁ဝ တွင် ရွေးကောက်ပွဲ ကျင်းပပြီး အရပ်ဘက် အစိုးရသို့ အာဏာ လွှဲပြောင်းပေးမည်ဟု ဆိုသည်။ ၁၉၉ဝ ရွေးကောက်ပွဲတွင် နိုင်ငံတဝှမ်း အပြတ်အသတ် အနိုင်ရခဲ့သော အတိုက်အခံ အန်အယ်ဒီကိုမူ ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ရန် စစ်အစိုးရအာဘော် သတင်းစာများက တိုက်တွန်း ရေးသားလျက် ရှိသည်။
 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved