သတင်း ဒေသန္တရသတင်း မြန်မာနိုင်ငံ လေဘေး ဒုက္ခသည်များအတွက် ဒလိုင်းလားမား ငွေလှူဒါန်း
မြန်မာနိုင်ငံ လေဘေး ဒုက္ခသည်များအတွက် ဒလိုင်းလားမား ငွေလှူဒါန်း Print E-mail
မဇ္ဈိမသတင်းဌာန   
အင်္ဂါနေ့၊ ဇွန်လ 10 2008 12:36 - မြန်မာစံတော်ချိန်

နယူးဒေလီ။     ။ မြန်မာနိုင်ငံ ဆိုင်ကလုံး လေဘေး ဒုက္ခသည်များ ကယ်ဆယ်ရေးနှင့် ပြန်လည် တည်ဆောက်ရေးအတွက် ရူပီး ၅ဝဝဝဝဝ (အမေရိကန် ဒေါ်လာ ၁၂၅ဝဝ) ကို ပြည်ပရောက် တိဗက် ဘာသာရေး ခေါင်းဆောင်ကြီး ဘုန်းတော်ကြီး ဒလိုင်းလားမားက တနင်္လာနေ့က လှူဒါန်းလိုက်ပါသည်။ 

မြန်မာနိုင်ငံရှိ နာဂစ်ဆိုင်ကလုံး မုန်တိုင်း ဒုက္ခသည်များကို ကူညီရန်အတွက် နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး ဒလိုင်းလားမားက ဤသို့ ရှေ့ထွက် လှူဒါန်းလိုက်ခြင်း ဖြစ်သည် ဟု ပြည်ပရောက် အစိုးရအဖွဲ့ ဖြစ်သည့် မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB) ဝန်ကြီး ဒေါက်တာတင့်ဆွေက ငွေလက်ခံ ရယူအပြီး ပြောကြားသွားပါသည်။ 

“ဒါ မြန်မာပြည်သူတွေအတွက် အားတက်ဘွယ် ကိစ္စတရပ်ပါဘဲ” ဟု ဒေါက်တာတင့်ဆွေက ပြောကြားသွားခဲ့ပြီး၊ ယခု လှူဒါန်းငွေကို သံဃာ့အဖွဲ့ တဖွဲ့သို့ လွှဲပြောင်း ပေးအပ်မည်ဟုလည်း ဆက်လက် ပြောဆို သွားပါသည်။ 

တိဗက် ဘုန်းတော်ကြီး၏ ယခု လှူဒါန်းငွေသည် ကြောက်မက်ဘွယ် ကောင်းလှသည့် ဆိုင်ကလုံး မုန်တိုင်းကြီး မြန်မာနိုင်ငံ ကမ်းရိုးတန်း ဒေသဖြစ်သည့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသနှင့် ရန်ကုန်တိုင်းတို့ကို တိုက်ခတ်သွား အပြီး ဒုတိယ အကြိမ်မြောက် လှူဒါန်းခြင်း ဖြစ်သည်။ 

မုန်တိုင်း တိုက်ခတ်ပြီးပြီးချင်း မြန်မာနိုင်ငံ လေဘေး ဒုက္ခသည်များအတွက် ဒေါ်လာ ၅ဝဝဝဝ ကို ဘုန်းတော်ကြီး ဒလိုင်းလားမား က လှူဒါန်းခဲ့သေးသည်။
 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved