သတင်း ဒေသန္တရသတင်း မြန်မာသံရုံးရှေ့ ဆန္ဒပြသူများ ရဲကဖြိုခွင်း
မြန်မာသံရုံးရှေ့ ဆန္ဒပြသူများ ရဲကဖြိုခွင်း Print E-mail
မဇ္ဈိမသတင်းဌာန   
သောကြာနေ့၊ ဇွန်လ 06 2008 18:28 - မြန်မာစံတော်ချိန်

နယူးဒေလီ။     ။ တက်ကြွလှုပ်ရှားသူများ၏ နယူးဒေလီသံရုံးရှေ့ ရှားရှားပါးပါး ဆန္ဒပြပွဲ တရပ်ကို အိန္ဒိယရဲများက ဝင်ရောက် တားဆီးကာ ဆန္ဒပြသမားများကို သောကြာနေ့က လူစုခွဲလိုက်သည်။ 

နယူးဒေလီ ချနကျာပူရီ အရပ်ရှိ မြန်မာသံရုံးရှေ့တွင် မြန်မာနှင့် အိန္ဒိယနိုင်ငံသား တက်ကြွလှုပ်ရှားသူ ၃၅ ဦးခန့် စုရုံးကာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း လွှတ်ပေးရေးအတွက် တောင်းဆို ဆန္ဒပြခဲ့ကြသည်။ 

သို့သော် ဆန္ဒပြပွဲမှာ ခဏတာမျှသာ ခံပြီး အိန္ဒိယ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာသဖြင့် ဆန္ဒပြသူများ အမြန် အဆုံးသတ် လိုက်ကြရသည်။ 

“ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဘို့နဲ့ အကူအညီပေးရေး အုပ်စုတွေကို ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသကို လွတ်လွတ်လပ်လပ် ဝင်ရောက်ခွင့်ပေးဘို့ မုန်တိုင်း ဒုက္ခသည်တွေကို ကယ်ဆယ်ခွင့် ပေးဘို့ စစ်အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ကြတာပါ” ဟု ဆန္ဒပြရာတွင် ပါဝင်သူတဦး ဖြစ်သည့် ကင်မ် (Kim) က မဇ္ဈိမသတင်းဌာနကို ပြောကြားသွားပါသည်။ 

သို့သော် ဆန္ဒပြသူများက သံရုံးနံရံတွင် မှုတ်ဆေးဖြင့် ‘မြန်မာပြည် လွတ်မြောက်ရေး’၊ ‘အောင်ဆန်းစုကြည်ကို လွှတ်ပေး’ စသည်တို့ကိုရေးသားနိုင်ခဲ့ကြပြီး၊ မေလ ၂ ရက်နှင့် ၃ ရက်နေ့များက မြန်မာနိုင်ငံကို ဝင်ရောက် တိုက်ခတ်သွားခဲ့သော နာဂစ် ဆိုင်ကလုံး မုန်တိုင်းဒဏ်က အသက်မသေ လွတ်မြောက် ကျန်ခဲ့သူများကို ကယ်တင်ရေးအတွက် လွတ်လပ်စွာ ဝင်ရောက်သွားလာခွင့် ပေးရေး တောင်းဆိုသည့် ပိုစတာများကို ကပ်နိုင်ခဲ့ကြသည်။ 

ကုလသမဂ္ဂ၏ စာရင်းဇယားများအရ နာဂစ် ဆိုင်ကလုံး မုန်တိုင်းကြောင့် လူပေါင်း ၁၃ဝဝဝဝ သေဆုံး သို့မဟုတ် ပျောက်ဆုံးနေပြီး အနည်းဆုံး ၂.၄ သန်းမှာ မုန်တိုင်းဒဏ် ခံခဲ့ကြရသည်ဟု ဆိုသည်။ မြေပြင် သတင်းများအရ မြစ်ဝကျွန်းပေါ် ဒေသသို့ ဝင်ရောက် လှုပ်ရှားခွင့်ကို စစ်အစိုးရက ကန့်သတ်ထားခြင်းကြောင့် မုန်တိုင်းဘေးမှ အသက်မသေ လွတ်မြောက်ခဲ့သူများကို ကယ်တင်ရေးတွင် အတားအဆီး တရပ် ဖြစ်နေသည်ဟု ဆိုသည်။ 

“အစားအစာ၊ ရေ၊ ဆေးဝါး နှင့် အမိုးအကာများကို အရေးတကြီး အပူတပြင်း လိုအပ်နေသည့် မြန်မာနိုင်ငံ ဆိုင်ကလုံး မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များသည် စစ်အစိုးရက နိုင်ငံတကာ ကယ်ဆယ်ရေး အကူအညီများကို တားဆီး ကန့်သတ်မှုများ လုပ်ဆောင်နေခြင်းကြောင့် ငရဲတမျှ ဆိုးဝါးသော အခြေအနေနှင့် ရင်ဆိုင်နေရသည်။ သဘာဝ ကပ်ဘေး အန္တရာယ်မှာ ယခုအခါ လူကလုပ်သည့် ကပ်ဘေးကြီး ဝမ်းနည်းဘွယ် အဖြစ်ဆိုးကြီးသို့ ပြောင်းလဲသွားရသည်” ဟု သံရုံးသို့ ပေးပို့ သည့် ဆန္ဒပြသူများ၏ ပေးစာတွင် ရေးသားထားသည်။ 

ဤနေရာသည် တရားဝင် တားဆီး ကန့်သတ်ထားသည့်ဒေသ ဖြစ်သည့်အတွက် သံရုံးရှေ့မှ ဆန္ဒပြသူများကို ဖြိုခွဲရခြင်း ဖြစ်သည်ဟု အိန္ဒိယရဲများက ပြောပါသည်။
 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved