သတင်း ဒေသန္တရသတင်း ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ်က ပြည်ဝင်ခွင့်ပေးရန် တောင်းဆို
ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ်က ပြည်ဝင်ခွင့်ပေးရန် တောင်းဆို Print E-mail
နေသွင်   
သောကြာနေ့၊ ဇွန်လ 06 2008 16:25 - မြန်မာစံတော်ချိန်

ချင်းမိုင်။     ။ လက်ရှိ မြန်မာ့ လူ့အခွင့်အရေး အခြေအနေကို စုံစမ်း လေ့လာနိုင်ရန်အတွက် ပြည်ဝင်ခွင့် ထုတ်ပေးရန် မြန်မာပြည်ဆိုင်ရာ ကုလ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်သစ်က တောင်းဆိုသည်။

မတ်လအတွင်း အသစ် ခန့်အပ်ခံခဲ့သော အာဂျင်တီးနား နိုင်ငံသား Tomás Ojea Quintana သည် ကုလ လူ့အခွင့်အရေး ကောင်စီသို့ တင်ပြသော ပထမဆုံး အစီရင်ခံစာတွင် ယခုလို ထည့်သွင်း တောင်းဆိုခြင်း ဖြစ်သည်။

ကောင်စီက မြန်မာပြည်၏ လူ့အခွင့်အရေး အခြေအနေကို ဆက်လက် စုံစမ်းရန် သက်တမ်း တနှစ်တိုးပြီးနောက် မစ္စတာ ပီညဲရိုး၏ တာဝန်ကို လွှဲပြောင်းယူသော  မစ္စတာ Tomás Ojea Quintana သည်  မေလ ၁ ရက်နေ့ကတည်းက လုပ်ငန်း စတင်နေပြီ ဖြစ်သည်။

သူသည် မေလ ၆-၇ ရက် နေ့များတွင် မြန်မာ စစ်အစိုးရထံ စာနှစ်စောင် ပေးပို့ရာ ပထမတစောင်တွင် မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ဝမ်းနည်းကြောင်းနှင့် ဒုတိယစာတွင် မြန်မာပြည်သို့ သွားရောက်ခွင့် ပေးရန် တောင်းဆိုထားသည်ဟု သိရသည်။

နအဖ က ပထမစာကို အကြောင်းပြန်သော်လည်း ဒုတိယစာနှင့် ပတ်သက်၍ အကြောင်းမပြန်သေးဟု မစ္စတာ Quintana က သူ၏ ဇွန်လ ၄ ရက် နေ့စွဲနှင့် အစီရင်ခံစာတွင် ရေးသားထားသည်။ စာမျက်နှာ ၁၆ မျက်နှာရှိပြီး မတ်လ ၂၆ ရက်မှ စတင် စုဆောင်းရရှိသော အချက်အလက်များ အရ မြန်မာ့ လူ့အခွင့်အရေး အခြေအနေသည် မစ္စတာ ပီညဲရိုး လက်ထက်ကအတိုင်း မပြောင်းလဲဟု ဆိုသည်။

နအဖ ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ “ယုံကြည်လောက်သော၊ ကျယ်ပြန့်စွာ လက်ခံနိုင်သော အခြေအနေသည် စိတ်မကောင်းစရာ ဝေဝါးနေသည်” ဟု ဆိုသည်။ ဆန္ဒခံယူပွဲ ကျင်းပခဲ့ပုံနှင့် ရရှိသော သင်ခန်းစာများကို လူသိရှင်ကြား အစီရင်ခံစာ ထုတ်ပြန်ရန်လည်း နအဖကို တောင်းဆိုသည်။

ဆန္ဒခံယူပွဲ မတိုင်ခင် ဖမ်းဆီးခံရမှုများ၊ ဆန္ဒမဲပေးရာတွင် မဲပေးသူများ၏ ဆန္ဒကို မလေးမစား ပြုလုပ်ခြင်း၊ မကျေနပ်သော တိုင်ကြားချက်များ၊ ထောက်ခံမဲ တောင်းခံသည့် ပိုစတာများကို မဲရုံတွင် ကပ်ထားသည် ဟူသော တိုင်တန်းချက်များကို ရရှိထားသည်ဟု သူက ပြောဆိုသည်။

အစီရင်ခံစာတွင် ပြည်သူများသည် လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့် မရဘဲ အဖမ်းခံရသော လူ့အခွင့်အရေး လှုပ်ရှားသူများ အခြေအနေ၊ ပြည်တွင်းမှ စာနယ်ဇင်းသမားများ၊ နိုင်ငံရေး လှုပ်ရှားသူများနှင့် နိုင်ငံရေး အကျဉ်းသားများ အခြေအနေနှင့် ပတ်သက်သော စိုးရိမ်သောကကို ဖော်ပြထားသည်။

မုန်တိုင်းဒဏ်ခံ ဒေသများရှိ အမျိုးသမီးများနှင့် အုပ်ထိန်းသူမဲ့ ကလေးငယ်များ၊ အေအိုင်ဒီအက် ဝေဒနာရှင်များ၊ လူနည်းစု တိုင်းရင်းသားများကို ကူညီရန်အတွက် အစိုးရအနေနှင့် ပူးပေါင်း ဆောင်ရွက်မည့်အဖွဲ့ ဖွဲ့ရန်အပြင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး အမျိုးသား ရင်ကြားစေ့ရေး ဆောင်ရွက်ရန်၊ နိုင်ငံရေး အကျဉ်းသားများကို ပြန်လွှတ်ရန်၊ စက်တင်ဘာ အရေးအခင်းတွင် ပျောက်ဆုံးနေသူများအတွက် စုံစမ်းရေးအဖွဲ့ ဖွဲ့ပြီး လုပ်ငန်း တိုးတက်မှုကို အစီရင်ခံရန်နှင့် နိုင်ငံရေး အကျဉ်းသားများ၏ ကျန်းမာရေး စောင့်ရှောက်မှုကို အာမခံရန် နအဖထံ အကြံပြုသည်။

ကုလ အထွေထွေ အတွင်းရေးမှူးချုပ်ကို ပေးထားသော ကတိအတိုင်း နိုင်ငံတကာမှ လူသားချင်းစာနာသည့် အဖွဲ့များကို မဟန့်အတားမရှိ မုန်တိုင်းဒဏ်ခံ ဒေသများသို့ ဝင်ရောက်ခွင့်ပေးပြီး အကူအညီပေးရေး လုပ်ငန်းအတွက် လိုအပ်သော အချက်အလက်များ စုဆောင်းခွင့် ပေးရန်လည်း ပြောဆိုသည်။

ယခု အစီရင်ခံစာကို နေရာစုံမှ ရရှိထားသော သတင်း အချက်အလက်များပေါ် အခြေခံ ရေးသားခြင်း ဖြစ်ပြီး တိကျသော အစီရင်ခံစာ ဖြစ်စေရန် မြန်မာ စစ်အစိုးရဘက်မှ အတည်ပြုချက်ကို တောင်းခံလိုက်သည်။
 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved