သတင်း ဒေသန္တရသတင်း လေဘေး ရံပုံငွေအတွက် မဲဆောက်မှာ ပန်းချီပြပွဲ ပြုလုပ်
လေဘေး ရံပုံငွေအတွက် မဲဆောက်မှာ ပန်းချီပြပွဲ ပြုလုပ် Print E-mail
ဖနိဒါ   
သောကြာနေ့၊ ဇွန်လ 06 2008 15:42 - မြန်မာစံတော်ချိန်

ချင်းမိုင်။    ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မြန်မာ ကျောင်းသားငယ်များနှင့် ပန်းချီဆရာများက လေဘေးရံပုံငွေအတွက် စုပေါင်း ပန်းချီပြပွဲတခုကို ယနေ့တွင် စတင် ဖွင့်လှစ်လိုက်သည်။

မြန်မာပန်းချီဆရာ ၁၄ ဦးနှင့် ရွှေ့ပြောင်းလုပ်သားများ၏ သားသမီးငယ် ကျောင်းသား ၁၇ ဦးက ရေးဆွဲသည့် ပန်းချီကားချပ် ၅၈ ချပ်ကို မြန်မာနိုင်ငံ မြဝတီမြို့ တဖက်ကမ်း မဲဆောက်ရှိ မင်းမဟော်ကျောင်းတွင် တပတ်ကြာ ခင်းကျင်းပြသ ရောင်းချမည် ဖြစ်ကာ ရရှိသည့် ငွေကြေးထဲမှ ၅ဝ ရာခိုင်နှုန်းကို ပြည်တွင်း လေဘေးဒုက္ခသည်များထံ ပေးပို့ လှူဒါန်းသွားမည့် အစီအစဉ် ဖြစ်သည်။ 

“ရံပုံငွေ ရခဲ့ရင် ကူညီဖို့ပါပဲ။ ကျနော်တို့က ခေါင်းစဉ် ပေးထားတာက နာဂစ်မုန်တိုင်းမှာ ဒုက္ခရောက်နေတဲ့ ပုံရိပ်တွေပေါ့ဗျာ။ နောက်တော့ ဒီပန်းချီဆရာတွေက သရုပ်မှန် နဲ့ မော်ဒန် ခံစားချက်အတိုင်း ရေးဆွဲထားတာ ဖြစ်တယ်” ဟု ပန်းချီပြပွဲ စီစဉ်သူတဦး ဖြစ်သည့် ပန်းချီဆရာ ကိုဉာဏ်စိုးက မဇ္ဈိမကို ပြောသည်။ 

လေဘေး ဒုက္ခသည်များကို ကမ္ဘာ့က အာရုံ စိုက်လာရေးအတွက် အနုပညာနှင့် ဖော်ပြထားသလို၊ ရရှိလာမည့် ရံပုံငွေများကို လေဘေးသင့်သူ များထံ ပေးပို့ကူညီရန်နှင့် မြန်မာတိုင်းရင်းသား ကလေးငယ်များ ပန်းချီပညာကို စိတ်ဝင်စားလာစေရေးအတွက် လမ်းခင်းပေးရန် ရည်ရွယ်သည် ဟု သူက ဆက်ပြောသည်။ ပန်းချီကား ဈေးနှုန်းများမှာ ထိုင်းဘတ်ငွေ ၅ဝဝ မှ ၅ဝဝဝ အထိ ဖြစ်သည်။

ကိုစောခူစဲ၊ ကိုဉာဏ်စိုး၊ ကိုစောမင်းထွန်း၊ ကိုတင်ကိုကိုဦး၊ ကိုကျော်သိန်း၊ ကိုကျော်ဝင်းနှင့် အခြား ပန်းချီဆရာများ၏ စုပေါင်းတင်ဆက်မှု ဖြစ်သည်။

မဲဆောက်ရှိ CDC, SAW, New Blood နှင့် Minmahaw Education Foundation တွင် အလယ်တန်းနှင့် အထက်တန်းများ၌ ပညာသင်ကြား နေသူ ကျောင်းသားများလည်း ပါဝင်ကာ ပန်းချီကား ၃၂ ကားနှင့် ပန်းချီဆရာများက ၂၆ ကား ရေးဆွဲ ပြသထားသည်။

ပြပွဲအတွက် ပန်းချီ ရေးဆွဲပေးခဲ့သူ ၁၆ နှစ်အရွယ် ကျောင်းသူလေး မသော်တာက “ညီမ ဆွဲခဲ့တာက မြန်မာနိုင်ငံမှာ မုန်တိုင်း ပတ်သက်ပြီးတော့၊ အင်တာနက်ကနေ ကြည့်ပြီးတော့ ကိုယ်ဆွဲတတ်သလို၊ ကိုယ့်ခံစားချက်နဲ့ ဆွဲခဲ့တာပါ။ ပန်းချီဆွဲ အခြေခံတော့ မရှိဘူး။ ခံစားချက်ပေါ့။ ကိုယ် ဆွဲတတ်သလို ဆွဲခဲ့တယ်။ ဆရာက ပြောတယ်၊ ပန်းချီရောင်းလို့ ရတာကို မုန်တိုင်းကြောင့် ဒုက္ခရောက်နေတဲ့ သူတွေကို ကူညီဖို့ပါတဲ့” ဟု ပြောသည်။ 

“သမီးက ပန်းချီကို မဆွဲတတ်ပေမဲ့ ခံစားချက်နဲ့ ဆွဲလိုက်တော့ လက်ရာ ကောင်းသွားတယ်လေ။ ဆရာတွေ အဒေါ်တွေ၊ ဦးလေးတွေ၊ မိတ်ဆွေတွေကလည်း အားပေးပါတယ်၊ ချီးကျူးကြတယ်။ သမီးဆွဲတဲ့ ပန်းချီပုံတွေကတော့ တဲပြိုနေတာတို့၊ အိမ်အမိုးတွေ ပျက်တာ၊ တိုင်ပြိုနေတဲ့ နေရာမှာ အဝတ် လှန်းထားတာတို့၊ ဖရိုဖရဲ ဖြစ်နေတဲ့ပုံ ဆွဲခဲ့တာပါ” ဟု ကျောင်းသူလေးက ဆက်ပြောသည်။
 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved