သတင်း ဒေသန္တရသတင်း ကုလသံတမန် မြန်မာပြည်သို့သွားမည်
ကုလသံတမန် မြန်မာပြည်သို့သွားမည် Print E-mail
ဆော်လမွန်   
သောကြာနေ့၊ မေလ 16 2008 10:16 - မြန်မာစံတော်ချိန်

နယူးဒေလီ။     ။ နာဂစ် ဆိုင်ကလုံးမုန်တိုင်းဒဏ်မှ အသက်မသေကျန်ရစ်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းကို အရှိန်မြှင့်တင်နိုင်ရေးအတွက် မြန်မာပြည်ကို အုပ်စိုးနေသောဗိုလ်ချုပ်ကြီးများအား ဖိအားပေးနိုင်မည်လားဟု သိရှိနိုင်ရန် ကုလသမဂ္ဂအ ကူအညီပေးရေးဆိုင်ရာ ထိပ်တန်းအရာရှိတဦး မကြာမီ မြန်မာနိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။

ကယ်ဆယ်ရေးလုပ်ငန်းများကို စောင့်ကြည့်လေ့လာရန် ကုလအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက လူသားချင်း ကူညီစောင့်ရှောက်မှုရေးရာ ကုလလက်ထောက် အတွင်းရေးမှူးချုပ် ဂျွန်ဟုမ်း  (John Holmes)  ကို တာဝန်ပေးအပ်ထားသည်။ 

"သူ ဒီဒေသတွင်းကိုသွားဘို့ စီစဉ်နေပါတယ်။ နောက်မကြာမီ ရက်ပိုင်းအတွင်းမှာ သွားပါလိမ့်မယ်" ဟု ကုလလူသားချင်း ကူညီစောင့်ရှောက်မှုရေးရာ ညှိနှိုင်းရေးရုံး (OCHA) ဒေသဆိုင်ရာ ပြည်သူ့ပြန်ကြားရေးနှင့် စည်းရုံးလှုံ့ဆော်ရေး အရာရှိ အမန်ဒါပစ် (Amanda Pitt) က ပြောဆိုသွားပါသည်။ 

"ဆိုင်ကလုံးမုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်းမှာ အခုရနေတာထက် ပိုကောင်းတဲ့ တုံ့ပြန်မှုရအောင်ကြိုးစားဘို့ တွေ့နိုင်သမျှ အစိုးရအရာရှိအားလုံးနဲ့ သူတွေ့နိုင်အောင် သူကြိုးစားသွားမှာဆိုတာကို ကျနော်အသေအချာ ပြောနိုင်ပါတယ်။  ဒါပေမဲ့ သူ့ခရီးစဉ်အသေးစိတ်နဲ့ ပတ်သက်လို့ကျနော် မပြောနိုင်တာအတွက်တော့ ဝမ်းနည်းပါတယ်။ ဘယ်နေ့သူရောက်မယ် ဆိုတာတောင် ကျနော်တို့အသေအချာမသိသေးပါဘူး" ဟု သူကပြောကြားသွားသည်။ 

နိုင်ငံတကာ့အကူအညီနှင့် ကပ်ဘေးအန္တရာယ် ကယ်ဆယ်ရေးကျွမ်းကျင်သူများကို တိုင်းပြည်တွင်းသို့ဝင်ခွင့်ပြုရေး၌ နှေးကွေးစွာ တုံ့ပြန်ဆောင်ရွက် နေခြင်းအတွက် မြန်မာအာဏာပိုင်များကို သူစိတ်ပျက်မချင့်မရဲ ဖြစ်မိကြောင်း မစ္စတာဘန်ကီမွန်းက ထုတ်ဖေါ်ပြောကြားခဲ့ပြီး ဖြစ်သည်။ 

ရန်ကုန်ရှိ ကုလသမဂ္ဂရုံးကလည်း မစ္စတာဟုမ်း (Holmes) မည်သည့်နေ့ရက်တွင် ရောက်ရှိမည်ကို အတည်မပြုနိုင်သေးဘဲ ရှိသည်။ 

ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်အပြီး ကုလသမဂ္ဂအကူအညီပေးရေး ဝန်ထမ်း ၂၁ ဦးမြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း၊ စုစုပေါင်း နိုင်ငံတကာဝန်ထမ်း ၁ဝ၉ ဦး ရှိသွားပြီဖြစ်ကြောင်း ကုလသမဂ္ဂပြောခွင့်ရပုဂ္ဂိုလ် အေးဝင်းက ပြောဆိုပါသည်။ 

"သူတို့ ဝင်လာနေကြတုံးပါဘဲ။ ဒါပေမဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်း(NGO) တွေနဲ့ သူတို့ရဲ့ပြင်ပဝန်ထမ်းတွေ ဗီဇာ ရမရတော့ ကျနော်မသိသေးပါဘူး" ဟု အေးဝင်းက ဆက်လက်ပြောကြားသွားပါသည်။ 

သို့သော် မည်သည့်ကုလသမဂ္ဂ နိုင်ငံခြားသား အကူအညီပေးရေးလုပ်သားမျှ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသို့ သွားရောက်ခွင့် မရကြသေးပါ။ အန်ဂျီအိုများ၏ နိုင်ငံတကာ ဝန်ထမ်းအနည်းငယ်သာ ထိုနေရာတွင် အလုပ်လုပ်ခွင့်ရသေးသည်ဟု ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားလိုက်ပါသည်။ 

သို့သော် အကူအညီများကမူ အရေးတကြီးလိုအပ်နေသည့် အသက်မသေ ကျန်ရစ်သူများထံ ရောက်ရှိလာနေပြီ ဖြစ်သည်။ "ကုလအေဂျင်စီတွေက ပေးတဲ့ အကူအညီတွေ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို ဝင်ရောက်လာနေပါပြီ။ ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ် (WFP) တခုတည်းကဘဲ ဆန်တန်ချိန် ၇ဝဝ ပို့ပေးခဲ့ပြီပါပြီ" ဟု အေးဝင်းက ပြောသွားပါ သည်။ 

အစိုးရမီဒီယာများ၏ တရားဝင် အသေအပျောက်စာရင်းမှာ လူပေါင်း ၃၈ဝဝဝ အထိ ရှိသွားပြီဖြစ်ပြီး၊ လူပေါင်း ၂ သောင်းကျော် ပျောက်ဆုံးနေဆဲ ဖြစ်သည်ဟု ဆိုသည်။

သို့သော်အကူအညီပေးရေး အေဂျင်စီများကမူ သေသူအနည်း ဆုံး ၁ သိန်းအထိ ရှိပြီး လူပေါင်း ၂ သန်းကျော် မုန်တိုင်းဒဏ် ခံခဲ့ရသည်ဟု ဆိုသည်။ 

မြန်မာအစိုးရနှင့် ဆွေးနွေးညှိနှိုင်းရန် ဥရောပသမဂ္ဂ အကူအညီပေးရေးကော်မရှင်နာ လူဝီမီရှဲ မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီ ဖြစ်သည်။ 

မြန်မာအစိုးရနှင့် ချစ်ခင်ရင်းနှီးသူ ထိုင်းဝန်ကြီးချုပ် ဆာမတ်ဆွန်ဒါရာဗက်ဂ်ျ (Samak Sundaravej) သည်လည်း မြန်မာပြည်သို့ အလည်အပတ် ခရီးသွားရောက်၍ နိုင်ငံခြားသားကယ်ဆယ်ရေး လုပ်သားများကို ပိုမိုဝင်ရောက်ခွင့်ပြုရန် တကိုယ်တော်အထီးကျန် ဗိုလ်ချုပ်ကြီးများကို မရမက ဆွဲဆောင်စည်းရုံးရာတွင် မအောင်မမြင် ဖြစ်ခဲ့သည်။ သို့သော်မြန်မာအစိုးရက ထိုင်းဆေးအဖွဲ့တခုကိုပထမဆုံးအကြိမ်အဖြစ် လာရောက်ခွင့်ပြုခဲ့သည်။ ထိုင်းအစိုးရ၏ ဆေးဘက်ဆိုင်ရာဝန်ထမ်း ၃ဝ ပါဝင်သည့် အဖွဲ့တဖွဲ့သည် ယခုရက်သတ္တပတ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလိမ့်မည်ဟု မျှော်လင့်ရသည်။ 
 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved