သတင်း ဒေသန္တရသတင်း နာဂစ်ဒဏ်ခံ မြစ်ဝကျွန်းပေါ် သွားရေး အီးယူ ကူညီပေးရေး ကော်မရှင်နာ ဖိအားပေး
နာဂစ်ဒဏ်ခံ မြစ်ဝကျွန်းပေါ် သွားရေး အီးယူ ကူညီပေးရေး ကော်မရှင်နာ ဖိအားပေး Print E-mail
မဇ္ဈိမသတင်းဌာန   
ကြာသပတေးနေ့၊ မေလ 15 2008 20:34 - မြန်မာစံတော်ချိန်

နယူးဒေလီ။     ။ နာဂစ်ဆိုင်ကလုံး မုန်တိုင်းဒဏ်၏ အပျက်အစီး ပမာဏကို ကိုယ်တိုင်ကိုယ်ကျ လေ့လာရန် ကြိုးပမ်းမည်ဟု ဥရောပသမဂ္ဂ (အီးယူ) အကူအညီ ပေးရေးဆိုင်ရာ ထိပ်တန်း အရာရှိကြီးက ပြောဆိုသည်။ နိုင်ငံတကာ ကယ်ဆယ်ရေး လုပ်သားများ မုန်တိုင်းဒဏ်ခံ ဒေသများသို့ ဝင်ရောက်ခွင့် ရရေးအတွက်လည်း ဆွေးနွေးသွားမည်ဟု ဆိုသည်။ 

အီးယူ လူသားချင်းစာနာသည့် အကူအညီပေးရေးနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ ကော်မရှင်နာမင်းကြီး လူဝီမီရှဲ (Louis Michel) သည် ဘရပ်ဆယ်လ်မှ မြန်မာနိုင်ငံသို့ ၂ ရက်ကြာ သွားရောက် လည်ပတ်လိမ့်မည်ဟု မျှော်လင့်ရသည်။ 

သူ့ခရီးစဉ် အသေးစိတ်နှင့် စပ်လျဉ်း၍ ဆွေးနွေး ညှိနှိုင်းနေဆဲဖြစ်ပြီး ရန်ကုန်မြို့သို့ ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းတွင် ရောက်ရှိကာ သောကြာနေ့အထိ နေထိုင်မည်ဟု မျှော်လင့်ရကြောင်း မီရှဲ၏ ပြောရေးဆိုခွင့် ရှိသူ ဂျွန်ကလင်စီ (John Clancy) က မဇ္ဈိမကို ပြောကြားသည်။ 

မီရှဲလ်သည် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ လူသားချင်း စောင့်ရှောက်ကယ်ဆယ်ရေး လုပ်သားများနှင့်လည်း တွေ့ဆုံ ဆွေးနွေးလိုသည်။ 

“ဖြစ်နိုင်ရင်သူက မုန်တိုင်းဒဏ် အဆိုးဆုံးခံခဲ့ရတဲ့ ဒေသတွေကိုသွားပြီး သူကိုယ်တိုင် ကြည့်ချင်တယ်။ အပျက်အစီး ပမာဏကို သူကိုယ်တိုင် ကြည့်ချင်တယ်။ မုန်တိုင်းဒဏ် ခံခဲ့ရတဲ့သူတွေ ဘာလိုအပ်သလဲဆိုတာ ကိုယ်တိုင်ကိုယ်ကျ သိချင်တယ်” ဟု ကလင်စီ (Clancy) က ပြောဆိုသည်။ 

မုန်တိုင်းဒဏ် အဆိုးဝါးဆုံး ခံခဲ့ရသည့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသသို့ နိုင်ငံခြားသား ဝန်ထမ်းများ သွားရောက်ခွင့်ကို စစ်အစိုးရက ပိတ်ပင်ထားသည်။ 

မုန်တိုင်းဒဏ် အဆိုးဝါးဆုံး ခံခဲ့ရသည့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ နိုင်ငံခြားသားဝန်ထမ်များ မသွားရောက်နိုင်ရန် မြန်မာအာဏာပိုင်များက ပိတ်ပင် တားဆီးလျက် ရှိသည်။ ခြွင်းချက် အနည်းငယ်မှအပ နိုင်ငံတကာ အကူအညီပေးရေး လုပ်သားများကို ဗီဇာများ ထုတ်မပေးဘဲ ငြင်းဆန်လျက်ရှိသည်။

မီရှဲ သွားရောက် ပေးအပ်မည့် အဓိက သတင်းစကားမှာ “အဆိုပါ ဒေသများသို့ ဝင်ရောက်ခွင့်ရရေး သေချာစေရေးအတွက် ကြိုးပမ်းရန် မြန်မာ အာဏာပိုင်များနှင့် ပွင့်လင်းသော စိတ်ဓာတ်ဖြင့် တွေ့ဆုံ ဆွေးနွေးရေး ဖြစ်သည်” ဟု ကလင်စီ က ပြောဆိုသည်။ 

မြန်မာနိုင်ငံ ဒီမိုကရေစီ ဖွံ့ဖြိုးရေး ဥရောပရုံး ညွှန်ကြားရေးမှူး ဦးဟန်ညောင်ရွှေကလည်း “သူတို့က အကူအညီတွေကို မှန်ကန်တဲ့သူတွေ လက်ထဲ မှန်ကန်တဲ့နေရာက ရောက်ရှိရေး သေချာစေချင်တယ်။ ဒါ အီးယူရဲ့ လုပ်ပုံကိုင်ပုံပဲ” ဟု ပြောကြားသွားသည်။ 

ဆိုင်ကလုံးဒဏ်မှ အသက်မသေ လွတ်မြောက်လာသူများကို ကူညီထောက်ပံ့ရန် အီးယူမှ ယူရို ၂ သန်းကျော် လှူဒါန်းထားပြီး ဖြစ်သည်။ ဆိုင်ကလုံး မုန်တိုင်းဒဏ် ခံခဲ့ရသော ဒုက္ခသည်ပေါင်းမှာ ၁ ဒဿမ ၅ သန်းကျော်ရှိပြီး သေဆုံးသူ ဦးရေမှာ တသိန်းအထိ ရှိနိုင်သည်ဟု အကူအညီပေးရေး အေဂျင်စီများ၏ အပြောအရ သိရသည်။

“အလှူရှင်တိုင်းအတွက် အရေးကြီးဆုံး ကိစ္စက အကူအညီ ပေးရေးကိစ္စကို နိုင်ငံရေး ပြဿနာနဲ့ ရောထွေးမပစ်ဖို့ပဲ” ဟု ဦးဟန်ညောင်ရွှေက ဆိုသည်။ ဤနည်းလမ်းသည်သာလျှင် စစ်အစိုးရ၏ ယုံကြည်မှုကိုရရန် တခုတည်းသော နည်းလမ်းဖြစ်သည်။ 

“သူတို့ရဲ့ လူသားချင်းစာနာတဲ့ အကူအညီက သန့်သန့်လေး။ နိုင်ငံရေးလည်း မဟုတ်ဘူး။ လူထုကို တကယ်ကူညီချင်တာပဲ ဆိုတာကို အီးယူက မြန်မာအစိုးရ သိအောင် ပြချင်တယ်” ဟု ဦးဟန်ညောင်ရွှေက ဆက်ပြောသည်။ 

အဆိုးဝါးဆုံး မုန်တိုင်းဒဏ် ခံခဲ့ရသည့် ဒေသများသို့ သွားရောက်ပြီး မည်သည့် အကူအညီများ အမှန်တကယ် လိုအပ်နေသည်။ ကုန်ကျမည့် ငွေက မည်ရွေ့မည်မျှ ရှိမည်ဆိုသည်ကို ခန့်မှန်းတွက်ချက်ရန် အကူအညီပေးရေး လုပ်သားများအတွက် အရေးကြီးသော ကိစ္စဖြစ်သည်ဟုလည်း ဦးဟန်ညောင်ရွှေက ပြောသည်။ 

“ကော်မရှင်အနေဖြင့် နောက်ထပ် အကူအညီများ ထပ်မံပေးအပ်ရန် အသင့်ရှိသည်။ သို့သော် ဖြစ်ပွားရာနေရာတွင် ပညာရှင်များကိုယ်တိုင် ပေးအပ်နိုင်ခြင်း မရှိလျှင် ဤရံပုံငွေများသည် အရာ ရောက်လိမ့်မည်မဟုတ်” ဟုလည်း ကော်မရှင်နာ မီရှဲ က တနင်္ဂနွေနေ့တွင် ကြေညာချက် ထုတ်ပြန် ပြောကြားသွားသည်။ 

ဤအတောအတွင်း မြန်မာစစ်တပ်ကို ပြင်ပအကူအညီပေးရေး လုပ်သားများကို ဝင်ရောက်ခွင့်ပြုရေး နားချရန် ထိုင်း ဝန်ကြီးချုပ် ဆမတ် ဆွန်ထော်ရဝေ့ခ်ျ (Samak Sundaravej) ကလည်း ဗုဒ္ဓဟူးနေ့က နေပြည်တော်သို့ သွားရောက်လည်ပတ်ကာ မြန်မာ ထိပ်တန်း ဗိုလ်ချုပ်ကြီးများနှင့် သွားရောက် တွေ့ဆုံခဲ့သေးသည်။
 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved