သတင်း ဒေသန္တရသတင်း ထိုင်းဝန်ကြီးချုပ်၏ စည်းရုံးရေးခရီးစတင်
ထိုင်းဝန်ကြီးချုပ်၏ စည်းရုံးရေးခရီးစတင် Print E-mail
မဇ္ဈိမသတင်းဌာန   
ဗုဒ္ဓဟူးနေ့၊ မေလ 14 2008 12:35 - မြန်မာစံတော်ချိန်

ချင်းမိုင်။    ။ ထိုင်းဝန်ကြီးချုပ်သည် ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံသို့ ထွက်ခွာသွားပြီး နေပြည်တော်မှ စစ်ခေါင်းဆောင်များက ကြိုဆိုကြဖွယ် ရှိသည်ဟု ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်၊

ယခုခရီးစဉ်သည်  နိုင်ငံတကာမှ လူသားချင်း အကူအညီပေးရေးအဖွဲ့များကို ပြည်ဝင်ခွင့်ပေးရေးအတွက် မြန်မာစစ်ဗိုလ်ချုပ်များကို နားချမည့်ခရီး ဖြစ်သည်။

ထိုင်းဝန်ကြီးချုပ်သည် သူနှင့် ကုလသမဂ္ဂမှ စစ်အစိုးရထံ တိုက်တွန်းသော စာနှင့်အတူ အတူ ဂြိုလ်တုဖုန်း အလုံး ၁၀၀ ကိုလည်း တပါတည်း ယူဆောင်သွားသည်ဟု သတင်းတွင် ဆက်လက်ဖော်ပြထားသည်။

အစောပိုင်းတွင် အမေရိကန်အစိုးရက မြန်မာအာဏာပိုင်များထံ ဂြိုလ်တုဖုန်း အကူအညီပေးရန် ကမ်းလှမ်းသော်လည်း မြန်မာဘက်က ပယ်ချခဲ့သည်။

ထိုင်းနိုင်ငံသည် ဆိုင်ကလုန်းအပြီးတွင်  မြန်မာပြည်သို့ ပထမဆုံး အကူအညီပေးအပ်သော နိုင်ငံဖြစ်ပြီး ထိုင်းဝန်ကြီးချုပ်သည် နိုင်ငံခြားသားများကို ပြည်ဝင်ခွင့် တင်းကြပ်နေချိန်တွင် ပထမဆုံး မြန်မာပြည်သို့သွားရောက်သော နိုင်ငံခေါင်းဆောင် ဖြစ်သည်။

ထိုင်းဝန်ကြီးချုပ်၏ မြန်မာပြည်ခရီးစဉ်သည် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ထံမှ ကြားဝင်စေ့စပ်ပေးရန် ဖုန်းဖြင့်လှမ်းအကူအညီ တောင်းအပြီး ၂ ရက်အကြာတွင် အထမြောက်သွားခြင်း ဖြစ်သည်။ ထိုင်းသည် အရေးပေါ်အကူအညီအဖြစ် ဒေါ်လာ (၄) သိန်း လှူဒါန်းရန်  ကတိပြုထားသည်။

ထိုင်းဝန်ကြီးချုပ်သည် ပြီးခဲ့သော သောကြာနေ့ကလည်း မြန်မာပြည်သို့ သွားရောက်ရန် ကြေညာခဲ့ပြီးး တရက်အကြာတွင် ခရီးစဉ်ကို ဖျက်သိမ်းခဲ့သည်။

ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ ဆိုင်ကလုန်းကြောင့် လူ ၁ သိန်းဝန်းကျင် သေဆုံးနိုင်သည် ဆိုသည်။

ယခုအချိန်အထိ အကူအညီလိုအပ်သူ ၁ သန်းအနက် သုံးပုံတပုံသာ အကူအညီရရှိပြီး ကွင်းဆင်အကူအညီ လုပ်သားအရေအတွက်မှာ အမှန်တကယ် လိုအပ်သော ပမာဏ၏ ၁၀ ပုံတပုံသာ ရှိသေးသည်ဟု ဆိုသည်။ အရေးပေါ်ကယ်ဆယ်ရေးများ အချိန်မီမလုပ်ဆောင်နိုင်လျှင် မကြာခင်တွင် နောက်ထပ် ကပ်ဘေးကြီးတခုနှင့် ရင်ဆိုင်ရမည်ဟု ကုလသမဂ္ဂက နောက်ထပ် သတိပေးထားသည်။
 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved