သတင်း ဒေသန္တရသတင်း နိုင်ငံတကာရောက် မြန်မာများ လေဘေးအတွက် အလှူခံ
နိုင်ငံတကာရောက် မြန်မာများ လေဘေးအတွက် အလှူခံ Print E-mail
မဇ္ဈိမသတင်းဌာန   
တနင်္ဂနွေနေ့၊ မေလ 11 2008 23:08 - မြန်မာစံတော်ချိန်

နယူးဒေလီ။     ။ နာဂစ် လေဘေးဒုက္ခသည်များအတွက် နိုင်ငံတကာရောက် သံဃာတော်များနှင့် မျိုးချစ်မြန်မာများက အလှူငွေများ ကောက်ခံရာတွင် အားတက်သရော ထည့်ဝင် လှူဒါန်းမှုများ ရှိနေသည်ဟု သိရသည်။

သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ် အဖွဲ့ခွဲတခုဖြစ်သည့် အင်္ဂလန်တွင် ယခုအခါ ကောက်ခံရရှိငွေပေါင်း ဒေါ်လာ ၁ သန်းကျော် ရရှိနေပြီ ဖြစ်သည်။ 

“ဘုန်းဘုန်းတို့ ကောက်ခံ ရရှိထားတာကတော့ ဒေါ်လာ ၁ သန်းကျော် ရှိနေပါပြီ။ အဓိက ဒုက္ခရောက်နေတဲ့ လပွတ္တာ၊ ဘိုကလေးတို့ နေရာမျိုးတွေမှာ လှူဒါန်းမှာ ဖြစ်တယ်။ လက်ရှိ လုပ်နေတဲ့ အသင်းအဖွဲ့တွေကို လှူဒါန်းမှာပါ” ဟု အဖွဲ့ကြီး၏ အတွင်းရေးမှူးဖြစ်သူ အင်္ဂလန်မှ ဆရာတော် ဦးဥတ္တရက မဇ္ဈိမကို မိန့်ကြားသည်။ 

ကောက်ခံ ရရှိငွေများဖြင့် အကူအညီ လိုအပ်နေသည့် လူမျိုးမရွေး၊ ဘာသာမရွေး ဒုက္ခသည်များအတွက် နေရာထိုင်ခင်းနှင့် ဆေးဝါးများ ပံ့ပိုး ကူညီသွားမည် ဖြစ်သည်။ 

ဆရာတော်က “လှူဒါန်းတဲ့ ပုဂ္ဂိုလ်တွေက ဘာသာမရွေး၊ လူမျိုးမရွေး လှူဒါန်းနေတာ။ ဘုန်းဘုန်းတို့က ဝိုင်းကူညီပေးရမှာပါပဲ။ ကူညီနေတဲ့သူတွေက ဗုဒ္ဓဘာသာဝင်တွေမှ မဟုတ်ဘဲနဲ့ ခရစ်ယာန်၊ အစ္စလာန် ဘာသာဝင်တွေ၊ ဘာသာခြားတွေက လှူဒါန်းတာ ဖြစ်တယ်။ လူသားချင်းစာနာတဲ့ အထောက်အကူနဲ့ လှူဒါန်းတာ ဖြစ်တယ်” ဟု ဆက်လက် မိန့်ကြားသည်။ 

အမေရိကန် အခြေစိုက် ရဟန်းတော်များ အဖွဲ့ချုပ်ကြီးက ကနေဒါ၊ လန်ဒန်၊ စင်္ကာပူ၊ သြစတေးလျ၊ ထိုင်း၊ အိန္ဒိယ၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဂျာမဏီ၊ အီတလီ၊ နယူးဇီလန်၊ သီရိလင်္ကာ၊ ဂျပန်၊ ကိုရီးယား အစရှိသည့် နိုင်ငံများမှ အဖွဲ့ခွဲများကိုလည်း နာဂစ်မုန်တိုင်း ဒုက္ခသည်များအတွက် ယခုလ ၄ ရက်နေ့မှ စတင်ကာ အလှူငွေများ ကောက်ခံရန် ညွှန်ကြားထားသည်။

ထိုင်းနိုင်ငံတွင်လည်း မြန်မာနိုင်ငံသားများနှင့် စုပေါင်းဖွဲ့စည်းထားသည့် အဖွဲ့များက လေဘေးဒုက္ခသည်များ ကူညီရေးအတွက် လှုပ်ရှားမှုများကို ယခုလ ၉ ရက်နေ့မှ စတင်ကာ ဆောင်ရွက်နေကြသည်။ 

ထိုင်း-မြန်မာ လေဘေး ကူညီရေးအဖွဲ့ (ယာယီ) မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုကျော်လင်းဦးက “ဒီမှာရှိတဲ့ မြန်မာနိုင်ငံသားတွေရော၊ ထိုင်းနိုင်ငံသားတွေ လုပ်ငန်းရှင်တွေ ကိုယ်၌က ကူညီ လှူဒါန်းချင်တယ်။ ဘယ်လို လှူရမလဲ၊ ဘယ်သူ့ကို လှူရမလဲ၊ ဘယ်လို ပို့ပေးမလဲဆိုတာတွေ ရှိတယ်။ အဲဒါတွေကို တာဝန်ယူပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု ပြောသည်။  

အလှူငွေ ကောက်ခံနေသည့် မြန်မာများကို ဘန်ကောက်မြို့ရှိ အလုပ်သမားများအပြင် အချို့ အလုပ်ရှင်များက သယ်ယူသွားလာရေး လွယ်ကူစေရန် မော်တော်ကား၊ ဓာတ်ဆီ ပေးကူကြောင်းနှင့် ထိုင်းတက္ကသိုလ် ကျောင်းသားများကလည်း အလှူငွေများ လိုက်လံ ကောက်ခံပေးကြောင်း ကိုကျော်လင်းဦးက ဆက်ပြောသည်။ 

စင်္ကာပူရောက် မြန်မာများကလည်း ယမန်နေ့အထိ စင်္ကာပူဒေါ်လာ ၁ဝ၃၄၆၇ ကောက်ခံရရှိပြီး ဖြစ်သည်။ 

“စင်္ကာပူဒေါ်လာ ၅ သောင်းနဲ့ ညီမျှတဲ့ ဆန်၊ ငါးခြောက်နဲ့ တခြားလိုအပ်တဲ့ ပစ္စည်းတွေကို မြန်မာပြည်မှာရှိတဲ့ ဒေသ တော်တော်များများကို လှူဒါန်းနေပါတယ်” ဟု ပြည်ပရောက် မျိုးချစ်မြန်မာများ (စင်္ကာပူ) အဖွဲ့မှ ဦးဆောင် လှုပ်ရှားသူတဦး ဖြစ်သည့် ကိုစိုးထွန်းက ပြောသည်။

ဝမ်းရောဂါ အပါအဝင် အခြားရောဂါများ ခံစားနေရသည့် ဒုက္ခသည်များအတွက် စင်္ကာပူဒေါ်လာ ၂ သောင်းကျော်ဖိုးရှိ ဆေးဝါးပစ္စည်းများလည်း ပေးပို့ပြီး ဖြစ်သလို၊ စင်္ကာပူဒေါ်လာ ၅ သောင်းနှင့် ညီမျှသည့် ဆန်များကို ဆက်လက်၍ ပေးပို့သွားမည် ဖြစ်သည်။  

မြန်မာလူမျိုးများ အများဆုံး သွားရောက်သည့် ပင်နီစူလာ ပလာဇာရှိ လမ်းပြကြယ် စာကြည့်တိုက်၊ စင်းမြန်မာဆိုင်၊ လင်းလက်ဆိုင်၊ သပြေနုဆိုင်နှင့် စီးတီးပွိုင့်ဆိုင်တွင် အလှူငွေများ လက်ခံလျက်ရှိသည်။
 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved