ထိုင်းနိုင်ငံ၊ မဲဆောက်အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း မြန်မာနိုင်ငံ (AAPP-B) မှ အထွေထွေအတွင်းရေးမှူး ကိုတိတ်နိုင်နှင့် တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်တို့ နှစ်ဦးသည် ဇန်နဝါရီလ ၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်သည်။
"အဓိကကတော့ ကိုယ့်အစီ အစဉ်နဲ့ကိုယ် သွားတာပါ၊ ကျွန်တော်တို့ကို Black List က ပယ်ထားတယ် ဆိုတဲ့ အခါကျတော့ ပြန်လာဖို့အတွက် သူတို့စီစဉ် ပေးပါ့မယ် ဆိုပြီးတော့ပြောတယ်" ဟု ကိုတိတ်နိုင်က မဇ္ဈိမကိုပြော
သည်။
ခရီးစဉ်နှင့် ပတ်သက်သည့် အစီအစဉ်အသေးစိတ်၊ ရည်ခရီးစဉ်ရည်ရွယ်ချက်၊ လိုက်ပါလာမည့်သူများ စသည်တို့
ကို ဇန်နဝါရီ ၄ ၇က်နေ့တွင် သတင်းဌာနများသို့ ထုတ်ဖေါ်ပြောကြားမည်ဟုလည်း ကိုတိတ်နိုင်က ပြောသည်။
AAPP-B အဖွဲ့ကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် ဖမ်းဆီးခံခဲ့ရသည့် ၁၂ မြောက်
နှစ်ပတ်လည် သက္ကရာဇ် ၂ဝဝဝ ပြည့်နှစ်တွင် နိုင်ငံရေး အကျဉ်းသားဟောင်းများ စုစည်းပြီး ထိုင်းနိုင်ငံတွင် ဖွဲ့စည်း တည်ထောင်ခဲ့သည်။
အကျဉ်းထောင် အသီးသီး၌ အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားများကို စာရင်းပြုစုကာ ထိုသူတို့
လွတ်မြောက်ရေးအတွက် နိုင်ငံတကာတွင် လှုံ့ဆော်ခြင်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လျက် ရှိသည်။
AAPP-B မှ နောက်ဆုံး ပြုစုထားသည့် နိုင်ငံရေး အကျဉ်းသားများ စာရင်းအရ အကျဉ်းထောင် အသီးသီး၌ မလွတ်မြောက်သေးသည့် နိုင်ငံရေး အကျဉ်းသား ၂၁၈ ဆက်လက် ကျန်ရှိနေဆဲ ဖြစ်သည်ဟု ကိုတိတ်နိုင်က
ပြောသည်။










