သတင်း ဒေသန္တရသတင်း အကူအညီပေးရေးဆိုင်ရာ နိုင်ငံရေးရှုပ်ထွေးမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်း အဟန့်အတားဖြစ်ရ
အကူအညီပေးရေးဆိုင်ရာ နိုင်ငံရေးရှုပ်ထွေးမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်း အဟန့်အတားဖြစ်ရ Print E-mail
ဆော်လမွန်   
စနေနေ့၊ မေလ 10 2008 16:55 - မြန်မာစံတော်ချိန်

နယူးဒေလီ။     ။ ၂၄ နာရီကြာ အကူအညီပေးရေးဆိုင်ရာ နိုင်ငံရေးအရ ရှုပ်ထွေးမှုများ ပေါ်ပေါက်ပြီးနောက် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်သည် နောက်ထပ်လေယာဉ် ၂ စီးစာ ကယ်ဆယ်ရေး ပစ္စည်းများ ပေးပို့သွားမည် ဖြစ်ကြောင်း ထုတ်ဖေါ် ပြောကြားသွားသည်။

သူတို့ပေးပို့သော အဟာရမြှင့် ဘီစကစ် လေယာဉ် ၂ စီးစာကို မြန်မာအစိုးရက သိမ်းယူ ထိန်းချုပ်ထားသည် ဟူသော သတင်းများ ပေါ်ထွက်ခဲ့ပြီးနောက် နာဂစ်ဆိုင်ကလုံးဒဏ် ခံခဲ့ရသော ဒုက္ခသည်များအတွက် ပေးပို့နေသော အကူအညီများကို ရပ်ဆိုင်းထားလိုက်မည်ဟု ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့ကြီး (WFP) က သောကြာနေ့က ပြောဆိုခဲ့သည်။

“WFP က စီစဉ်ထားသည့်အတိုင်း ကယ်ဆယ်ရေးပစ္စည်း လေယာဉ် ၂ စီးစာကို ကယ်ဆယ်ရေး ပစ္စည်းများ ဝေငှဖြန့်ဖြူးရေးနှင့် စပ်လျဉ်း၍ မြန်မာအစိုးရနှင့် ဆွေးနွေးနေစဉ် ယနေ့ ဆက်လက် ပေးပို့သွားပါမည်။ ပစ္စည်းများကို WFP ကို ထုတ်ပေးမှာ မဟုတ်ပါဘူး” ဟု WFP ၏ ဆက်သွယ်ရေးနှင့် ပြည်သူ့မူဝါဒ ညွှန်ကြားရေးမှူး နန်စီ အီး ရိုမင် (Nancy E. Roman) က ရောမမြို့တွင် ကြေညာချက် ထုတ်ပြန်၍ ပြောကြားသွားသည်။

“ဆာလောင် မွတ်သိပ်နေသော လူထုဒ ၉၅ဝဝဝ ကို ကျွေးမွေးနိုင်သည့် အဆိုပါ အထူး ဘီစကစ်များကို ဝေငှဖြန့်ဖြူးရန် မိမိတို့တွင် အခွင့်အရေး ရှိသည်ဟု မြန်မာအစိုးရက ပြောဆိုနေကြောင်း ရိုမင် က ပြောကြားသည်။ သို့သော် WFP သည် အဆိုပါ အစားအစာ ရိက္ခာများကို မိမိတို့၏ ကိုယ်ပိုင် ဝန်ထမ်းများဖြင့်သာ ပေးဝေသည့် ထုံးစံရှိသည်။

ထိုအတောအတွင်း မိမိတို့ ကုလအေဂျင်စီသည် မုန်တိုင်းဒဏ် အဆိုးဝါးဆုံး ခံခဲ့ရသည့် ဒေသများရှိ လူပေါင်း ၂၁ဝဝဝ ကို အဆိုပါ ဘီစကစ်များ လုံလောက်စွာ ဝေငှပေးခဲ့ပြီး ဖြစ်သည်ဟုလည်း ရိုမင် က ဆက်ပြောသည်။

ထိုအတောအတွင်း ရက်အတန်ကြာ စောင့်ဆိုင်းခဲ့ရပြီးနောက် အမေရိကန် နိုင်ငံသည်လည်း C-130  လေယဉ်တစီးစာ ကယ်ဆယ်ရေး ပစ္စည်းများ ပေးပို့ခွင့် ရရှိသွားပြီ ဖြစ်သည်။ ထိုင်းနိုင်ငံရှိ အမေရိကန်သံအမတ် အဲရစ်ဂျွန် (Eric John) က မိမိတို့ နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့် ငြင်းပယ်ခံခဲ့ရသည်ဟု ဘန်ကောက်တွင် သောကြာနေ့ အစောပိုင်းက ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ဖေါ်ပြောဆိုသွားသည်။

နိုင်ငံတကာ အကူအညီပေးရေး လုပ်သားများကို စစ်အစိုးရက အလွန်နှေးကွေးစွာ တုံ့ပြန်မှုမှ ယခုကဲ့သို့ နိုင်ငံရေးအရ ရှုပ်ထွေးမှုများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ စစ်အစိုးရက ထို နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့များအတွက် ပြည်ဝင်ခွင့် ဗီဇာများ ထုတ်ပေးရာတွင် ကန့်သတ်မှုများ ပြုလုပ်ထားခြင်း၊ ကယ်ဆယ်ရေး ပစ္စည်းများ ပေးပို့ရန် ခွင့်ပြုချက် တောင်းခံရာတွင် နှောင့်နှေး ကြန့်ကြာလွန်းခြင်း စသည်တို့ကြောင့် အဆိုပါ ကယ်ဆယ်ရေးအဖွဲ့များ စိတ်ပျက်လက်ပျက် ဖြစ်ကြရသည်။

“ဒါမျိုး မဖြစ်သင့်ပါဘူး။ ဒုက္ခသည်တွေ အနေနဲ့ အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်းတွေ မရရင် သေဆုံးကုန်ကြရပါလိမ့်မယ်” ဟု အဝေးရောက်အစိုးရ အမျိုးသားညွန့်ပေါင်း အစိုးရဝန်ကြီး ဒေါက်တာတင့်ဆွေက ပြောသည်။

“ကမ္ဘာ့နိုင်ငံများ အနေနဲ့လည်း စစ်အစိုးရကို ဒါမျိုးလုပ်ခွင့် မပေးသင့်ပါဘူး။ အခုလို စစ်အစိုးရက နိုင်ငံတကာ လူသားချင်း စာနာတဲ့ အကူအညီတွေကို ဆက်လက် တားဆီးနေမယ်ဆိုရင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ကြားဝင် ဝင်ရောက် စွက်ဖက်မှုတွေ လုပ်သင့်ပါတယ်” ဟု သူက ဆက်ပြောသည်။

နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်တွင် သောကြာနေ့ နှောင်းပိုင်းက ကျင်းပသည့် အစည်းအဝေး၌ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများ၏ အကူအညီများ လက်ခံသွားမည် ဖြစ်ကြောင်း မြန်မာသံအမတ်ကြီးက ပြောဆိုသွားသည်။ “ကျနော်တို့အနေနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို မြန်မြန်ဆန်ဆန် အရှိန်မြှင့် အင်တိုက်အားတိုက် လုပ်ဆောင်သွားဖို့ အဆင်သင့် ရှိပါတယ်” ဟု မြန်မာသံအမတ်ကြီးက ပြောသည်။

ကမ္ဘာ့ကုလသမဂ္ဂကလည်း ခန့်မှန်းခြေ ၁ ဒဿမ ၅ သန်းခန့် ရှိသည့် နာဂစ် ဆိုင်ကလုံး လေဘေး ဒုက္ခသည်များအတွက် ဒေါ်လာ ၁၈၇ သန်း လှူဒါန်းပါရန် ကမ္ဘာ့နိုင်ငံများကို ပန်ကြားထားသည်။ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသရှိ မုန်တိုင်းဒဏ် အဆိုးဝါးဆုံး ခံခဲ့ရသော အသက်မသေ ကျန်ရစ်ခဲ့သည့် လေဘေး ဒုက္ခသည်များထံ ယခုထိ အကူအညီ အနည်းငယ်သာ ရောက်ရှိသေးသည်။
 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved