သတင်း ဒေသန္တရသတင်း မုန်တိုင်းကြောင့် ပြည်တွင်းရှိ ဆွေမျိုးများအတွက် အိန္ဒိယရောက် မြန်မာများ စိုးရိမ်နေ
မုန်တိုင်းကြောင့် ပြည်တွင်းရှိ ဆွေမျိုးများအတွက် အိန္ဒိယရောက် မြန်မာများ စိုးရိမ်နေ Print E-mail
ဝိုင်းပီး   
ကြာသပတေးနေ့၊ မေလ 08 2008 21:40 - မြန်မာစံတော်ချိန်

နယူးဒေလီ။    ။ လေမုန်တိုင်းကြောင့် မြန်မာပြည်တွင်းရှိ ဆွေမျိုးသားချင်းများအတွက် စိုးရိမ် ပူပန်နေသည့် အိန္ဒိယရောက် မြန်မာဒုက္ခသည်များက လေဘေးကင်းလွတ်ရေး ဆုတောင်းပွဲတခု နယူးဒေလီတွင် ယနေ့ ကျင်းပသည်။

ကြီးမားသည့် ပျက်စီးဆုံးရှုံးမှုနှင့် ထိခိုက် သေကြေသည့် သတင်းများသာ ကြားသိနေရပြီး ဆွေမျိုးသားချင်းများနှင့် ဆက်သွယ်၍ မရနိုင်သဖြင့် မြန်မာ ဒုက္ခသည်များက ယခုလို လေဘေး ကင်းလွတ်ရေး ဆုတောင်းပွဲကို စုပေါင်း ကျင်းပကြခြင်း ဖြစ်သည်။

“အကိုကတော့ သင်္ကန်းကျွန်းမှာ၊ အကိုနဲ့ အမကတော့ တောင်ဥက္ကလာပမှာ ဖုန်းဆက်တာလည်း မရတော့ အားလုံး အသက်ပေးက လွတ်မြောက်ပါစေလို့ ဆုတောင်းမေတ္တာ ပို့သနေရတာပါဘဲ။ နိုင်ငံခြား တိုင်းပြည်က အကူအညီ ပေးမှုတွေလည်း အမြန်ဆုံးရပါစေလို့ဘဲ ဆုတောင်းနေရပါတယ်” ဟု ရန်ကုန်တွင် ဆွေမျိုးသားချင်းများအတွက် စိုးရိမ် ပူပန်နေသူ ဒေါ်မာမာသန်းက ပြောသည်။

မေလ ၂ ရက်နေ့ ညနေပိုင်းက တနာရီ မိုင် ၁၂ဝ နှုန်းဖြင့် စတင် တိုက်ခတ်ခဲ့သည့် နာဂစ် မုန်တိုင်းကြောင့် ဧရာဝတီတိုင်းရှိ မြို့နယ် ၄ မြို့နယ်တွင် ကျေးရွာ ၆ဝဝ ကျော်သည် ရွာလုံးကျွတ် ရေနစ်မြုပ် ပျောက်ကွယ်ခဲ့ပြီး လူဦးရေ ၈ သောင်းနှင့်အထက် သေဆုံးကာ ၇ သိန်းကျော်မှာ အိုးမဲ့အိမ်မဲ့များ ဖြစ်နေရသည်။ 

“ဧရာဝတီတိုင်း ရေကြည်မှာ အကိုအမနဲ့ အဒေါ်တော့ ရှိတယ်၊ သူတို့ကို တိုက်ရိုက် ဆက်သွယ်လို့ မရတော့ ရန်ကုန်ကတဆင့် ခေါ်ပေမယ့်လည်း ခေါ်မရဘူး။ အဲလောက် ပြင်းထန်တဲ့ လေမုန်တိုင်း တိုက်ရင်တော့ ဘယ်လိုမှလဲ မတတ်နိုင်ဘူး၊ ဆက်သွယ်လို့လည်း မရဘူး။ ဘာမှလည်း မတတ်နိုင်တော့ ထိုင်နေပြီး သတင်းစောင့်နေရုံဘဲ ရှိနေတော့တာပေါ့” ဟု ဧရာဝတီတိုင်း ရေကြည်ကျေးရွာ ဇာတိဖြစ်သူ ကိုဇင်နိုင်က ပြောသည်။

ယမန်နေ့ကပင် နယူးဒေလီရှိ မြန်မာ သံဃာတော်များကလည်း မုန်တိုင်းဒဏ်ကြောင့် သေဆုံးသွားရသည့် မြန်မာနိုင်ငံသားများအတွက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများနှင့်အတူ ဆုတောင်းမေတ္တာ ပို့သပွဲ တရပ်ကို နယူးဒေလီရှိ ရှစ်လေးလုံး ဘုန်းကြီးကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည်။

မုန်တိုင်းဒဏ်ကြောင့် ပျက်စီး ဆုံးရှုံးမှုများ၊ ပြန်လည် ရှင်းလင်းရေး လုပ်ငန်းများနှင့် အငတ်ဘေးပြဿနာ ကြုံတွေ့နေရသည့် လေဘေး ဒုက္ခသည်များကို နအဖ စစ်အစိုးရက အမြန်ဆုံး ကူညီ ဆောင်ရွက်သင့်ကြောင်း နယူးဒေလီရောက် ဒေါက်တာပါကျင်က ယခုလို ပြောသည်။

“မုန်တိုင်းရဲ့ နောက်ဆက်တွဲ ဒဏ်အနေနဲ့ ပြည်သူတွေဟာ ရေမသန့်တာတွေ၊ အစာအစား မစားရတာတွေ၊ အမိုးအကာ မရှိတဲ့ နေရာမှာနေရတော့ ရောဂါတွေဖြစ်ဖို့ များတယ်။ ဒဏ်ရာရတာတွေကိုလည်း စောစောစီးစီး ကုသနိုင်မှ၊ နာရီပိုင်းအတွင်း စောစောစီးစီး ကုသနိုင်ဖို့ အရမ်း အရေးကြီးတယ်” ဟု သူက ပြောသည်။
 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved