သတင်း ဒေသန္တရသတင်း စင်္ကာပူက ငွေပြန်ပို့ နာရေးအသင်းကြီးမှ “ဆန်” ဝေ
စင်္ကာပူက ငွေပြန်ပို့ နာရေးအသင်းကြီးမှ “ဆန်” ဝေ Print E-mail
ဂျေမိုး   
ကြာသပတေးနေ့၊ မေလ 08 2008 10:19 - မြန်မာစံတော်ချိန်

စင်္ကာပူ။    ။ စင်္ကာပူနိုင်ငံရှိ လမ်းပြကြယ် စာကြည့်တိုက်နှင့် ပြည်ပရောက် မျိုးချစ်မြန်မာများမှ လေမုန်တိုင်းဒဏ် ခံနေရသော မြန်မာပြည်သူများအတွက် အလှူငွေများနှင့် အခြေခံ အသုံးအဆောင် ပစ္စည်းများကို မုန်တိုင်းဒဏ် ခံနေရသူများ ကိုယ်စား လက်ခံပေးလျှက် ရှိသည်။

လမ်းပြကြယ် စာကြည့်တိုက်မှ ကောက်ခံ ရရှိသော ငွေများအား နေ့ချင်း ရန်ကုန်သို့ အရောက်ပို့ကာ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေသော နာရေး ကူညီမှု အသင်းကြီးမှတဆင့် “ဆန်” ကို အဓိကထား ဖြန့်ဝေနေသည်။

“စင်္ကာပူမှာရှိတဲ့ မြန်မာအများစုက လေဘေး ဒုက္ခသည်တွေကို ကူညီချင်တယ်ဗျာ အဲဒီတော့ လမ်းပြကြယ် အနေနဲ့က အလှုငွေတွေကို လက်ခံပေးတယ်။ ပြီးတော့ နာရေးအသင်းကြီးကို နေ့ချင်း လွှဲပေးတယ်” “သူတို့က ဟိုဘက်မှာ ဆန် ၀ယ်ပြီး လိုက်ဝေတယ်” “ဒီနေ့ဆိုရင် ရန်ကုန်မြို့ တောင်ဥက္ကလာပ မြို့နယ်မှာ စတင်ပြီး ဝေဖြစ်တယ်ဗျ” ဟု လမ်းပြကြယ် စာကြည့်တိုက်မှ ကိုစိုင်း က ပြောပြပါသည်။

ပြည်ပရောက် မျိုးချစ်မြန်မာများမှလည်း မြန်မာပြည်ရှိ ဘုန်းကြီးကျောင်းများနှင့် လူမှုရေး အသင်းအဖွဲ့များမှ တဆင့် ပြည်သူလူထု အခြေခံ လိုအပ်ချက်များကို ကူညီသွားမည်ဟု သိရပါသည်။ 

“ကျနော်တို့ အနေနဲ့ကတော့ မုန်တိုင်း ဒုက္ခသည်တွေ အဓိက ရောက်နေတဲ့ ရန်ကုန်က ဘုန်းကြီးကျောင်းတွေကို မနက်ဖြန်ကစပြီး ဆန်ဝေသွားမယ်” ဟု ပြည်ပရောက် မျိုးချစ်မြန်မာများ အဖွဲ့မှ ကိုစိုးထွန်း က ပြောပြပါသည်။
 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved