သတင်း ဒေသန္တရသတင်း မြန်မာ့မုန်တိုင်း ကမ္ဘာ့သတင်းဌာနများက အလေးပေးဖော်ပြ
မြန်မာ့မုန်တိုင်း ကမ္ဘာ့သတင်းဌာနများက အလေးပေးဖော်ပြ Print E-mail
နန်းဒေဝီ   
အင်္ဂါနေ့၊ မေလ 06 2008 00:55 - မြန်မာစံတော်ချိန်

နယူးဒေလီ။   ။ နာဂစ်မုန်တိုင်းကြောင့် မြန်မာပြည်တွင် ကြီးမားသည့် သေကြေပျက်စီးမှု၊ ဆုံးရှုံးမှုများ အကြောင်းကို နိုင်ငံတကာ သတင်းဌာနများက အကျယ်တဝင့် ဖော်ပြနေသည်။

အင်္ဂလန်အခြေစိုက် တယ်လီဂရပ်၊ ထိုင်းနိုင်ငံ ဘန်ကောက်ပို့စ်၊ အိန္ဒိယထုတ် The Hindu, The Statesman, The Pioneer နှင့် အယ်ဂျာဇီးရား အစရှိသည့် ကမ္ဘာ့ထိပ်တန်းဝင် သတင်းစာများနှင့် ရုပ်သံလွှင့်ဌာနများက အထူး သတင်း စာမျက်နှာနှင့် အခန်းကဏ္ဍများတွင် ယခုလို အရေးထား ဖော်ပြနေခြင်း ဖြစ်သည်။

ယနေ့ထုတ် ထိုင်းနိုင်ငံ ဘန်ကောက်ပို့စ် သတင်းစာ ခေါင်းကြီးပိုင်းတွင်မူ ရန်ကုန်မြို့ကြီး အကြီးအကျယ် ထိခိုက်ပျက်စီးခြင်း "Rangoon Devastated" ဟု ခေါင်းစဉ်တပ် ဖော်ပြကာ မုန်တိုင်းကြောင့် လူ ၃၅ဝ ကျော် သေဆုံးပြီး၊ ထောင်ချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်သွားသည့်အပြင် လျှပ်စစ်မီးနှင့် ရေပြတ်လပ်မှုများ တွေ့ကြုံနေရကြောင်း နအဖ စစ်အစိုးရ ကြေညာချက်ကို ကိုးကား ဖော်ပြထားသည်။

တယ်လီဂရပ်က ရန်ကုန်ရှိ သံတမန်တဦးက ရိုက်တာ သတင်းဌာနကို ရန်ကုန်မြို့ မုန်တိုင်း ထိခိုက်မှုအကြောင်း အီးမေးဖြင့် ရေးသားပေးပို့ချက်ကို ထည့်သွင်း ဖော်ပြသည်။ သစ်ပင်များ လမ်းမပေါ် လဲကျခြင်း၊ ဝန်ဆောင်မှု လုပ်ငန်းများ ရပ်တန့်သွားခြင်း၊ ဆေးရုံများပါ ထိခိုက်ပျက်စီးခြင်း၊ သောက်ရေသန့်များ ပြတ်လပ်ခြင်းတို့ကြောင့် လူဦးရေ ၅ သန်း နေထိုင်သည့် ရန်ကုန်မြို့ကြီးအား စစ်ပွဲဇုံ တစပြင် မြင်ကွင်းနှင့် နှိုင်းယှဉ်ရေးသား ဖော်ပြထားသည်။

အေပီ၊ စီအန်အန်နှင့် အယ်ဂျာဇီးရာကမူ နာဂစ် မုန်တိုင်း မွှေနောက်နေစဉ် ရိုက်ကူးခဲ့သည့် ဗွီဒီယို မှတ်တမ်းများကို နိုင်ငံတကာ ပရိတ်သတ်များ ကြည့်ရှုနိုင်ရန် အင်တာနက် အွန်လိုင်း စာမျက်နှာများတွင် တင်ထားသည်။

ထို့အပြင် မုန်တိုင်းကြောင့် လျှပ်စစ်မီး ပြတ်တောက်ခြင်းကို ပြန်လည်ပြုပြင်ရန် ရက်သတ္တပတ်ခန့် ကြာမြင့်မည် ဖြစ်ကြောင်း ရန်ကုန် သံတမန်ရပ်ကွက် ပြေဆိုချက်ကို ဆက်လက်၍ ဖော်ပြထားသည်။

အေပီသတင်းဌာနမှ ရိုက်ကူးထားသော ၅၃ စက္ကန့်ခန့် ကြာမြင့်သည့် ဗွီဒီယို မှတ်တမ်းတို တခု၌ စနေနေ့နံနက်တွင် အင်အား ပြင်းထန်သည့် နာဂစ်မုန်တိုင်း ကျရောက်နေချိန်တွင် ကောင်းကင်တခွင် မဲမှောင်နေကာ ရန်ကုန်မြို့ရှိ လူနေအိမ်ခြေနှင့် အဆောက်အဦ ခေါင်မိုးများ လန်ကျနေပုံ၊ ဓာတ်ကြိုးများ တွဲလဲကျနေပုံ၊ မိုးလေထဲတွင် မိခင်တဦးက လသားအရွယ် ကလေးငယ်ကို ပွေ့ချီကာ ပြေးလွားနေပုံတို့ကို ရိုက်ကူးပြသထားသည်။
 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved