သတင်း သတင်းအကျဉ်းချုပ် ဒေါ်စုကို ပြန်လွှတ်ဖို့ အစီအစဉ်မရှိသေး
ဒေါ်စုကို ပြန်လွှတ်ဖို့ အစီအစဉ်မရှိသေး Print E-mail
မဇ္ဈိမသတင်းဌာန   
ဗုဒ္ဓဟူးနေ့၊ ဧပြီလ 30 2008 23:04 - မြန်မာစံတော်ချိန်

ချင်းမိုင်။    ။ နေအိမ် အကျယ်ချုပ်ကျခံနေရသော မြန်မာဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို ပြန်လွှတ်ပေးရန် စစ်အစိုးရဘက်တွင် အစီအစဉ်မရှိသေးဟု စစ်အစိုးရ ၀န်ကြီးချုပ်၏ ပြောဆိုချက်ကို ထိုင်းဝန်ကြီးချုပ်ကို ယနေ့ ထုတ်ဖော်ပြောဆိုလိုက်သည်။

မေလ ဆန္ဒခံယူပွဲ မတိုင်ခင်နှင့် ဆန္ဒခံယူပွဲ နောက်ပိုင်း ပြန်လွှတ်ပေးမည် မဟုတ်ဟု ဆိုသည်။

"သူတို့ သူမ (ဒေါ်အောင်ဆန်းစုကြည်) ကို လွှတ်ပေးမှာ မဟုတ်သလို ၀င်လည်း မစွက်ဖက်ပါဘူး။ ဒီအတိုင်း ဆက်ထိန်းသိမ်းထားဦးမယ်၊ အနှောင့်အယှက်လည်း မပေးပါဘူး" ဟု ထိုင်း ၀န်ကြီးချုပ်က ပြောသည်။

ဆက်လက်၍ "ကျနော်အထင် ဒီလို ထိန်းသိမ်းထားတဲ့ ကိစ္စက "အိုကေ" ပါပဲ၊ ဒါကြောင့်ပဲ သူများတွေက လေးစား ကြည်ညိုကြတယ် မဟုတ်လား" ဟု အသက် (၇၂) နှစ်အရွယ် ထိုင်းဝန်ကြီးချုပ်က ဆိုသည်။

ထိုင်းဝန်ကြီးချုပ်သည် ယမန်နေ့နှောင်းပိုင်းက စ၍ ထိုင်းနိုင်ငံသို့ (၃) ရက်ကြာ ရောက်နေသော စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန် နှင့် ယနေ့တွင် တွေ့ဆုံသည်။

ယခု ခရီးစဉ်အတွင်း ထိုင်းဘက်က မြန်မာဘက်တွင် ရာဘာ နှင့် ဆီအုန်းစက်ရုံ တည်ဆောက်ရေး ကိစ္စ၊ ထားဝယ် ရေနက်ဆိပ်ကမ်း ကိစ္စ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိစ္စအပြင် ထိုင်းနိုင်ငံမှ စိုက်ပျိုးရေး နည်းပညာများ မြန်မာတောင်သူများအား ပံ့ပိုးပေးရေး ကိစ္စများကို ဆွေးနွေးဖွယ် ရှိသည်ဟု သိရသည်။

အသက် ၆၂ နှစ်အရွယ် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် လွန်ခဲ့သော နှစ် (၂၀) အတွင်း ၁၃ နှစ်နီးပါးကို နေအိမ် အကျယ်ချုပ် ကျခံခဲ့ရသည်။

စစ်အစိုးရ သတင်းရပ်ကွက်ကို ကိုးကားသော ဂျပန်နိုင်ငံထုတ် Yomiuri Shimbum သတင်းဌာန၏ အင်တာနက် သတင်းတပုဒ်အရ နေအိမ် အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်း စုကြည်နှင့် ဦးတင်ဦး တို့သည် လာမည့် ဆန္ဒခံယူပွဲတွင် မဲပေးခွင့် ရကြမည်ဟု ဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၎င်းသည် နိုင်ငံသားတိုင်းအတွက် ရသင့်ရထိုက်သော အခွင့်အရေး ဖြစ်သည်ဟု ဆိုသည်။

 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved