သတင်း သတင်းအကျဉ်းချုပ် အတိုက်အခံ လူငယ် ၈ ဦးကို ဖမ်းဆီး
အတိုက်အခံ လူငယ် ၈ ဦးကို ဖမ်းဆီး Print E-mail
သန်းထိုက်ဦး   
တနင်္လာနေ့၊ အောက်တိုဘာလ 13 2008 10:57 - မြန်မာစံတော်ချိန်

ချင်းမိုင်။     ။ အတိုက်အခံလှုပ်ရှားမှုများ လုပ်ကိုင်နေသော လူငယ် ၈ ဦးကို စစ်အစိုးရက မကြာသေးခင်က ဖမ်းဆီးခဲ့ပြန်သည်။

မျိုးဆက်သစ်လူငယ်များ အစည်းအရုံး (Generation Wave) အဖွဲ့မှ အဖွဲ့ဝင် ၄ ဦးနှင့် အခြား လူငယ်များ ကို အောက်တိုဘာ ၉ ရက်နေ့နှင့် ၁၀ ရက်များတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အစိုးရဆန့်ကျင်ရေးစာရွက်များ လျို့ဝှက်ဖြန့်ချီမှုနှင့် ပတ်သက်နေမည်ဟု ယုံကြည်ရသည်။

”စာတွေ ဝေပြီးတော့ ညနေ ၄ နာရီမှာ ဖြစ်သွားတယ်။ ဖြစ်ပုံက အဲဒီချာတိတ်တွေဝေတာကို နောက်ကနေ လိုက်လာပုံရတယ်။ ကောင်လေးတယောက်ရဲ့ အိမ်မှာ စုနေတော့ အဲဒီမှာ ၀င်ပြီး…ဖမ်းသွားတယ်” ဟု မျိုးဆက်သစ် လူငယ်များ အစည်းအရုံးအဖွဲ့မှ ကိုမိုဃ်းသွေးက ပြောသည်။

တောင်ဥက္ကလာပမြို့နယ်တွင်းရှိ နေအိမ်တအိမ်မှ လူငယ် ၇ ဦးကို အောက်တိုဘာလ ၉ ရက်နေ့တွင် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး စစ်ကြောရေးစခန်းတွင် ထွက်ဆိုချက်ကို အခြေခံပြီး နောက်ထပ်တဦးကို ၁၀ ရက်နေ့တွင် ဖမ်းဆီးသွားခြင်းဖြစ်သည်။

လူငယ်များ ဖြန့်ဝေခဲ့သည်စာများတွင် ”အာဏာရှင်စနစ် အဆုံးသတ် ၂၀၀၈” ဆိုသော စကားရပ်ပါဝင်ပြီး အဖွဲ့တံဆိပ်ဖြင့်ပင် ဖြန့်ဝေခဲ့ခြင်းဖြစ်သည်ဟု ကိုမိုဃ်းသွေးက ပြောသည်။

ကိုခိုင်မွန် (ခ) ကိုငြိမ်းချမ်း၊ ရဲသူကို (ခ) ညီညီ၊ ဇင်မင်းအောင်နှင့် အောင်ပိုင်တို့သည် GW အဖွဲ့ဝင်များဖြစ်ပြီး သူတို့ကို မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း မသိရှိရသေးပေ။

ကျန် အမည်မသိ လူငယ်လေးဦးကိုမူ တောင်ဥက္ကလာပမြို့နယ် ရဲစခန်းတွင် ထိန်းသိမ်းထားသည်။

စစ်အစိုးရက ပစ်ခတ်နှိမ်နင်း၍ အနည်းဆုံး လူ ၃၁ ဦးသေဆုံးခဲ့ရသည့် သံဃာတော်များဦးဆောင်သော ရွှေဝါရောင်တော်လှန်ရေးအပြီး လူငယ်များ၏ အတိုက်အခံ နိုင်ငံရေးလှုပ်ရှားမှု မြင့်တက်လာခဲ့သည်။

GW အဖွဲ့၏ ထုတ်ပြန်ကြေညာချက်တခုတွင် ယမန်နှစ် စက်တင်ဘာလအတွင်းက ဖြစ်ပွားခဲ့သော လူထုအုံကြွမှုကဲ့သို့သော လမ်းပေါ်ဆန္ဒပြမှုများဖြင့် စစ်အစိုးရကို ဖြုတ်ချရန် တိုက်တွန်းထားသည်။

 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved