|
ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ကျဆင်းမှု ပုံမှန် ပြန်မရောက်သေး |
|
|
|
ဇာနည်
|
|
တနင်္လာနေ့၊ သြဂုတ်လ 11 2008 18:01 - မြန်မာစံတော်ချိန် |
ချင်းမိုင်။ ။ နာဂစ် မုန်တိုင်းဒဏ်ကို ပြင်းစွာ ခံခဲ့ရသော မြန်မာနိုင်ငံတွင် ခရီးသွားရာသီသို့ ရောက်လာတော့မည် ဖြစ်သော်လည်း ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းများ ပုံမှန်အနေအထားကို ပြန်လည် မရောက်နိုင်ဖြစ်နေသည်။ ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် စက်တင်ဘာတော်လှန်ရေး နောက်ပိုင်းကတည်းက တရှိန်ထိုး ကျဆင်းသွားခဲ့သော မြန်မာနိုင်ငံ၏ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းမှာ မေလ ၃ ရက်နေ့က တိုက်ခတ်သွားသော နာဂစ်မုန်တိုင်းအပြီးတွင် နာလံမထူနိုင် ဖြစ်နေခြင်းကြောင့် ဖြစ်သည်။ "အခုဆိုရင် ဧည့်သည်တွေ လာအောင်လို့ ပရိုမိုးရှင်းတွေ တအားလုပ်နေရတယ်။ ခါတိုင်းဆိုရင် ဒီအချိန်ဆိုရင် ကြိုတင် စာရင်းတွေက ပြည့်နေပြီ။ အခု ပရိုမိုးရှင်းတွေ လုပ်တာတောင် တော်တော့ကို နည်းနေသေးတယ်" ဟု ခရီးသွားကုမ္ပဏီကြီး တခုမှ ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်သူ မစန္ဒာက ပြောသည်။ ပုံမှန် နှစ်များတွင် သြဂုတ်လလယ်သို့ ရောက်ပြီဆိုလျှင် လာမည့် မိုးစဲသွားမည့် ပွင့်လင်းရာသီ (စက်တင်ဘာာလမှ မတ်လလယ်အထိ) အတွက် ခရီးစဉ် ကြိုတင် ဘွတ်ကင်လုပ်မှုများ ရှိနေပြီး ယခုတွင်မူ မရှိသလောက် ဖြစ်နေသည်ဟု သူက ပြောသည်။ လာမည့် ခရီးသွားရာသီတွင် ကမ္ဘာလှည့် ခရီးသွားများအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ရန်အတွက် သာမန်နှစ်များထက် နှုန်းထားသက်သာသော ခရီးစဉ်များနှင့် အပိုဝန်ဆောင်မှုများ ပေးသော ခရီးစဉ်များကို ရေးဆွဲကြရပြီး ခရီးသွား မြှင့်တင်ရေးများကို လုပ်ဆောင်နေကြရသည်ဟု သိရသည်။ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းများတွင် သုံးသော ကားအငှား လုပ်ငန်းများတွင်လည်း ခရီးစဉ် ဖျက်လိုက်သည်များ ကြိုတင် တင်ထားသော ခရီးစဉ် လျော့နည်းခြင်းများ ရှိနေသည်။ "အရင်ကဆို ဒီဇင်ဘာလအထိကို ဘွတ်ကင်တွေ တင်ထားတတ်ကြတယ်။ အခုကတော့ နောက်လအတွက်တောင် မရှိဘူး။ လုံးဝအေးနေတယ်" ဟု ကားအငှား လုပ်ငန်းတခု လုပ်ကိုင်နေသူက ပြောသည်။ ယခင်နှစ်များက ခရီးသွား ကုမ္ပဏီ တော်တော်များများမှ ကြိုတင် စာရင်းပေးခြင်းကို ပြုလုပ်ထားကြသောကြောင့် ကားများပင် မရှိသလောက် ဖြစ်သည်ဟု သူက ပြောသည်။ "အရင်နှစ်တွေကဆို ကုမ္ပဏီတွေ အပြိုင်အဆိုင်တင်ကြတော့ ကားတွေအားဖို့ တော်တော်ခက်တယ်။ အခုကတော့ ကားတွေ မထွက်နိုင်မှာကို စိုးရိမ်နေရတယ်" ဟု သူက ဆက်ပြောသည်။ ခရီးသွား အထင်ကရ နေရာများဖြစ်သော ရန်ကုန်၊ မန္တလေး၊ ပုဂံနှင့် အင်းလေး ဒေသများမှ ဟိုတယ်နှင့် တည်းခိုခန်းများတွင်လည်း ယခင်နှစ်များကဲ့သို့ ကြိုတင် စာရင်းပေးထားခြင်းများ မရှိသေးကြောင်း သိရသည်။ "အခုချိန်ထိ Reservation လုပ်ထားတာ မရှိသလောက်ပဲ။ ခါတိုင်းဆို ဒီအချိန်ကတည်းက ကြိုတင်စာရင်းမှာ နိုဝင်ဘာလောက်အထိက အခန်းတွေ ပြည့်နေတတ်တာလေ" ဟု အင်းလေးကန်တွင်းရှိ ဟိုတယ်ကြီးတခုမှ Reservation ၀န်ထမ်းတဦးက ပြောသည်။ "ကျမတို့ အနေနဲ့ ဟိုတယ်ရော၊ ကားရော ကြိုပြီး booking မတင်ထားရဲသေးဘူး။ အခုတင် ပျက်တာ ၃-၄ ခု ရှိနေပြီ။ နောက်ပိုင်တော့ ဘယ်လိုလာမလဲ မသိသေးဘူး။ ပုံမှန်ပြန်ဖြစ်လာအောင်တော့ မျှော်လင့်ရတာပဲ" ဟု ခရီးသွား ဧဂျင်စီ တခုက ဆိုသည်။ ပွင့်လင်းရာသီအတွက် ခရီးစဉ် မေးမြန်းစုံစမ်းမှုများသာ ရှိနေပြီး ခရီးစဉ် ကြိုတင်မှာယူခြင်းများ မရှိပါ ။ ဧည့်လမ်းညွှန်များ အနေနှင့်လည်း လုပ်ငန်းများ မရေမရာ ဖြစ်နေကြရသည်။ "ခါတိုင်းဆို ဒီအချိန်ဆိုရင် တော်တော်များများ ကုမ္ပဏီတွေက ကြိုတင်ပြီး ဧည့်ကြိုဇယားချပြီး ခရီးစဉ်တွေ ပေးပြီးသား။ အခုကတော့ မရှိသလောက်ဖြစ်နေတော့ ဘယ်လိုဆက်သွားမလဲ မသိဘူး" ဟု ရန်ကုန်မှ ဧည့်လမ်းညွှန်တဦးက ပြောသည်။ "တချို့ဆို ဧည့်လမ်းညွှန်မလုပ်တော့ပဲ NGO တွေမှာလို တခြား အလုပ်တွေ ပြောင်းလုပ်ကုန်ကြပြီ" ဟု သူက ပြောသည်။ စက်တင်ဘာ အရေးအခင်း နောက်ပိုင်းမှ စ၍ ခရီးစဉ်ကျဆင်းမှုမှာ ၃ ပုံ ၂ ပုံခန့် ရှိခဲ့ပြီး ယခု ခရီးသွားရာသီတွင် ထိုထက်မက ကျသွားမည်ဟု ခန့်မှန်းရသည် ဟု သူက ဆက်ပြောသည်။ "၂၀၀၆ တုန်းကဆိုရင် တလလုံး နားရက်မရှိတာတွေ ရှိတယ်။ တောက်လျှောက် လိုက်နေရတယ်။ အခုကျတော့ ဘယ်သူမှ assignment မပေးသေးဘူး" ဟု သူက ပြောသည်။ မန္တလေးမှ ဧည့်လမ်းညွန် ကိုထွန်းထွန်းကလည်း "ဒီနှစ်ကတော့ အခြေအနေ မဟန်ဘူး။ ကျနော် တခြား အလုပ်ပြောင်းလုပ်ဖို့ စီစဉ်နေတယ်" ဟု မဇ္ဈိမကို ပြောသည်။ မန္တလေးရှိ Sedona ဟိုတယ်တွင်လည်း ၀န်ထမ်းအများအပြားကို ခရီးသွားလုပ်ငန်း ကျဆင်းသွားသဖြင့် အလုပ်မှ ထုတ်ပစ်လိုက်သည်ဟု သိရသည်။ ခရီးသွား ကုမ္ပဏီများသည် ပွင့်လင်းရာသီ ခရီးစဉ်များအတွက် ကား၊ ဟိုတယ်၊ ဧည့်လမ်းညွှန်စသည်တို့ကို အနည်းဆုံး ၁ လခန့် ကြိုတင် စီစဉ်ထားတတ်ကြသည်။ အစိုးရပိုင် မြန်မာ့ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းသို့ မဇ္ဈိမမှ ဆက်သွယ်မေးမြန်းခဲ့ရာ အသေးစိတ်ပြောဆိုရန် ငြင်းဆန်ခဲ့ပြီး ၄င်းတို့အနေနှင့်လည်း ခရီးသွား မြှင့်တင်ရေးများ လုပ်ဆောင်နေရသည်။ လာမည့် ခရီးသွားရာသီတွင် ပုံမှန်ဖြစ်လာအောင် မျှော်မှန်းရသည်ဟုသာ အမည်မဖော်လိုသူ အရာရှိ တဦးက ပြောသည်။ ကမ္ဘာလှည့် ခရီးသွားများသည် မြန်မာနိုင်ငံ၏ ပွင့်လင်းရာသီတွင် အများဆုံး လာရောက် လည်ပတ်လေ့ ရှိသည်။
|