သတင်း သတင်းအကျဉ်းချုပ် အာဇာနည်နေ့ အခမ်းအနားသို့ သတင်းထောက်များ ဖိတ်ကြားမည်
အာဇာနည်နေ့ အခမ်းအနားသို့ သတင်းထောက်များ ဖိတ်ကြားမည် Print E-mail
သတင်းအကျဉ်းချုပ်
ဖနိဒါ   
တနင်္လာနေ့၊ ဂျူလိုင်လ 14 2008 18:05 - မြန်မာစံတော်ချိန်

ချင်းမိုင်။     ။ ရန်ကုန်မြို့ရှိ ဂျာနယ်တိုက်များမှ သတင်းထောက်များအား အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက် သတင်းယူရန် အာဏာပိုင်များ စီစဉ်လျက် ရှိသည်။

အခမ်းအနားသို့ ယခင်နှစ်များက ရန်ကုန်အခြေစိုက် နိုင်ငံခြား ကြေးနန်းသတင်းဌာန သတင်းထောက်များကိုသာ တက်ရောက်ခွင့် ပေးခဲ့သည်။

“ခေါ်မယ်လို့တော့ ကြားတယ်။ ဘာမှတော့ တရားဝင် အကြောင်းမကြားသေးဘူး။ အရင်တုန်းကတော့ မခေါ်ဘူး။ စောသေးလို့ ထင်ပါတယ်။ နောက်နှစ်ရက်လောက် ဆိုရင်တော့ အကြောင်းကြားမယ် ထင်ပါတယ်” ဟု ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် ဂျာနယ်တခုမှ သတင်းထောက်တဦးက မဇ္ဈိမကို ပြောသည်။

ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်မည့် ၆၁ နှစ်မြောက် အာဇာနည်နေ့ နီးလာချိန်တွင် ရန်ကုန်မြို့တွင် လုံထိန်းရဲများ ကင်းလှည့်မှု များပြားလာနေသည်။

“ဒီနေ့ စတွေ့တယ်ပေါ့နော်။ ကားနံပါတ် ၇ (ခ) ၁၇၅၃ လေ၊ ဆူးလေမီးပွိုင့်ကနေ အန်တီစု အိမ်ဘက်ပေါ့နော်။ ကုက္ကိုင်းမီးပွိုင့်မှာလည်း နှစ်ယောက်တွဲ၊ သုံးယောက်တတွဲ လည်ပတ်အဝါတွေနဲ့ ကားပေါ်မှာရော အောက်မှာက လုံထိန်းတွေ နှစ်ယောက်တတွဲ လက်နက်အစုံပေါ့နော်။ နောက်တခါ ၁ (ဂ) ၂၇ဝ၈ လုံထိန်းကားပေါ့နော်။ ဆူးလေကနေ ကုက္ကိုင်းဘက်ကို လှည့်ပတ်သွားတာ တွေ့တယ်။ ကားပေါ်မှာ ၂ဝ ဝန်းကျင်လောက်ပါတယ်။ လက်နက်အပြည့်ပဲ” ဟု ရန်ကုန်မြို့ခံ မျက်မြင်တဦးက မဇ္ဈိမကို ပြောသည်။

အာဇာနည်နေ့တွင် လူထုလှုပ်ရှားမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ခြင်းကြောင့် ဖြစ်နိုင်ကြောင်း အတိုက်အခံ နိုင်ငံရေးပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်တဦးက ပြောသည်။

“၁၉ ရက် မတိုင်ခင် တော်တော်များများ စောင့်မယ်လို့ ထင်တယ်။ သူတို့က တခုခုဖြစ်မှာ အမြဲတမ်း စိုးရိမ်တယ်လေ။ ပွင့်ပွင့်လင်းလင်း ပြောရရင် သူတို့ လိမ်တာတွေ ညာတာတွေ တောက်လျှောက် ရှိတယ်ဆိုတော့ ပြည်သူလူထုက မကျေနပ်လို့ လူတွေ  စုမိရင် Campaign လုပ်မယ်၊ လှုပ်ရှားမှုတွေလည်း ပေါ်ပေါက်လာနိုင်တယ်လေ။ အဲဒါကြောင့် အင်အားပြတာ၊ ပြည်သူတွေ ကြောက်သွားအောင် လုပ်ပြတာလို့ မြင်တာပဲလေ” ဟု ပြောဆိုသည်။
 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved