သတင်း သတင်းအကျဉ်းချုပ် ဗကသ ကျောင်းသားတဦး ဖမ်းဆီးခံရ
ဗကသ ကျောင်းသားတဦး ဖမ်းဆီးခံရ Print E-mail
ဖနိဒါ   
အင်္ဂါနေ့၊ မေလ 13 2008 19:25 - မြန်မာစံတော်ချိန်

ချင်းမိုင်။     ။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) မှ ကိုလှိုင်မိုးကို အာဏာပိုင်များက သာကေတ မြို့နယ်အတွင်း ရပ်ကွက်တခုတွင် မေလ ၉ ရက်နေ့က ဖမ်းဆီးခဲ့သည်။

မေလ ၉ ရက် သောကြာနေ့တွင် ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ်မှ ဥပဒေ နောက်ဆုံးနှစ် ကျောင်းသားတဦး ဖြစ်သူ ဗကသအဖွဲ့ဝင် ကိုလှိုင်မိုး (၁၉ နှစ်) ကို ရန်ကုန်တိုင်း သာကေတ မြို့နယ်အတွင်း ဖမ်းဆီးသွားသည်ဟု ဗကသ ကျောင်းသား ခေါင်းဆောင် ကိုလင်းထက်နိုင်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“မေလ ၁ဝ ရက်နေ့မှာ ကျနော်တို့ ကျောင်းသားများ သမဂ္ဂကနေပြီးတော့ ဆန္ဒခံယူပွဲကို ကျင်းပတဲ့ နေရာတွေမှာ စောင့်ကြည့်ဖို့ ပြင်ဆင်နေတဲ့ အချိန်မှာ အဖမ်းခံရတာပါ။ သူတို့က ဆန္ဒခံယူပွဲနဲ့ ပတ်သက်လို့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေတာပဲလေ။ မသင်္ကာလို့လား၊ သေသေချာချာ မသိရသေးဘူး” ဟု သူက ပြောသည်။

သူက ဆက်ပြီး “မတရား ဖမ်းဆီးမှု တရပ်ပဲလေ။ ဆန္ဒခံယူပွဲကို စောင့်ကြည့်ခွင့်ဟာ လွတ်လပ်စွာ ရှိပြီးသားပဲ။ နှောင့်ယှက်တာမှ မဟုတ်တာ။ သူ့ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုတယ်။ ဒီလို ဖမ်းဆီးနေလို့လည်း မြန်မာ့သမိုင်းမှာ ကျောင်းသားလှုပ်ရှားမှုက ရပ်တန့်သွားဖို့ ထုံးစံ မရှိဘူးလေ။ ဖမ်းဆီးတာကို လုပ်မယ့်အစား ကျောင်းသားတွေ ဘာတွေ လိုအပ်နေလဲ၊ ဘာကြောင့် လှုပ်ရှားမှုတွေ လုပ်နေတယ် ဆိုတာကို စဉ်းစားပြီး ဖြည့်ဆီးပေးနိုင်ရင် အကောင်းဆုံးပါပဲလို့ ကျနော် ပြောချင်ပါတယ်” ဟု ပြောသည်။

မိသားစုဝင်များကလည်း ယခုအချိန်ထိ ကိုလှိုင်မိုး အိမ်ပြန်မရောက်ဘဲ ဖြစ်နေသဖြင့် စိုးရိမ် ပူပန်နေကြသည်ဟု သိရသည်။
 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved