ကြာသပတေး, ၂၀ ဇွန် ၂၀၁၃

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ရခိုင်ပြည်နယ်တွင်း ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင် သမ္မတဖွဲ့စည်း

ရခိုင်ပြည်နယ်တွင်း ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင် သမ္မတဖွဲ့စည်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ) ။       ။ ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့သည့် လူထုအဖွဲ့ ပဋိပက္ခများနှင့် ပတ်သက်၍ ဖြစ်ရပ်မှန် စုံစမ်း စစ်ဆေးရန်နှင့် အကြံပြုရန်အတွက် ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ လူထုအခြေပြု အဖွဲ့များမှ ထင်ပေါ်ကျော်ကြားသူများ ပါဝင်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် တရပ်ကို သမ္မတဦးသိန်းစိန် က သောကြာနေ့တွင် ဖွဲ့စည်းလိုက်ကြောင်း သမ္မတရုံးက ထုတ်ပြန်သည်။

၂၇ ဦးပါဝင်သော ကော်မရှင်တွင် အငြိမ်းစား သာသနာရေးညွှန်ချုပ် ဒေါက်တာမျိုးမြင့် က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင်များအဖြစ် အစ္စလာမ် ဘာသာရေးနှင့် လူမှုအဖွဲ့ အစည်းများမှ ကိုယ်စားလှယ် ခြောက်ဦး၊ သိက္ခာတော်ရ ခရစ်ယာန်ဆရာတော် နှစ်ဦး၊ ဟိန္ဒူဘာသာရေး အဖွဲ့အစည်းမှ တဦးနှင့် ရခိုင်ပါတီနှစ်ခု အပါအဝင် နိုင်ငံရေးပါတီ ငါးခုမှ ခေါင်းဆောင်များလည်း ပါဝင်သည်။

ရခိုင်ပြည်နယ်တွင် မေလနှင့် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများ၏ အခြေခံ အကြောင်းအရင်း၊ သေဆုံး ဒဏ်ရာ ရမှုနှင့် ပျက်စီးမှုများ၏ အခြေအနေ၊ ထိုဒေသတွင် ဥပဒေ မည်မျှစိုးမိုးမှုရှိသည်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်
ရေး လုပ်ငန်း မည်သို့ဆောင်ရွက်နေသည် စသည့် အချက်အလက်နှင့် အခြေအနေများကို ကော်မရှင်က လေ့လာပြီး သမ္မတထံ အစီရင်ခံရမည်ဟု ဆိုသည်။

ထို့ပြင် ငြိမ်းချမ်းရေးအတွက် ရေတို၊ ရေရှည်လုပ်ဆောင်ရမည့် နည်းလမ်းများ၊ ကိုးကွယ်သည့် ဘာသာ မတူညီသော လူမျိုးစုများအကြား ယှဉ်တွဲနေထိုင်ရေးနှင့် ဥပဒေ စိုးမိုးရေအတွက် လုပ်သင့်သည်များကို ရက် ၃ဝ အတွင်း ကော်မရှင် က သမ္မတထံ တင်ပြရန် ဖြစ်သည်။

“လူ့အခွင့်အရေးလည်း မထိပါး၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးလည်း မထိခိုက်တဲ့ ရပ်တည်ချက် တခုကို သမ္မတက သိချင်ပုံ ပေါ်ပါတယ်” ဟု ကော်မရှင်အဖွဲ့ဝင်တဦး ဖြစ်သော ဦးခင်မောင်ဆွေ က ပြောသည်။

ကော်မရှင်တွင် ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအေးသာအောင်၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ
ဒေါက်တာအေးမောင်၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ဦးကိုကိုကြီး၊ ဟာသသရုပ်ဆောင် ဇာဂနာ၊ သတင်းစာ ဆရာမောင်ဝံသ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးခွန်ထွန်းဦး၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ
ဒေါ်သန်းသန်းနု၊ အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီမှ ဦးခင်မောင်ဆွေ တို့လည်း ကော်မရှင် အဖွဲ့ဝင်အဖြစ် ခန့်အပ်ခံရသည်။

မြန်မာအီးဂရက်စ်မှ ဒေါက်တာကျော်ရင်လှိုင်က ကော်မရှင် အတွင်းရေးမှူးဖြစ်ပြီး ဗဟုအဖွဲ့မှ ဦးအောင်နိုင်ဦး၊ လူ့အခွင့်အရေး ကော်မရှင်မှ ဦးထွန်းအောင်ချိန်၊ ဥပဒေပညာရှင် နှင့် စီးပွားရေးလုပ်ငန်းရှင်တို့ကိုလည်း အဖွဲ့ဝင်အဖြစ် ပါရှိသည်။

ရခိုင်ပြည်နယ် အတွင်း လုံခြုံရေးတပ်ဖွဲ့များက လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည်ဟူသော စွပ်စွဲချက်များနှင့် ပတ်သတ်၍ ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကွင်တားနား က လွတ်လပ်၍ ယုံကြည် စိတ်ချလောက်သော စုံစမ်းစစ်ဆေးမှု တရပ်ပြုလုပ်ရန် ခြောက်ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အပြီး၌ တောင်းဆိုခဲ့သည်။

ပြည်ထောင်စုလွှတ်တော်သည် စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် အသင့်တော်ဆုံးဟု ကွင်တားနား က အကြံပြုခဲ့သော် လည်း သမ္မတ ဖွဲ့စည်းလိုက်သည့် ယခုကော်မရှင်တွင် ဒေါက်တာ အေးမောင် တဦးတည်းသာ လွှတ်တော်အမတ်
ဖြစ်သည်။

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် သေဆုံးသူ ၈၇ ဦးရှိခဲ့ပြီး ၁၂ဝ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ် အစိုးရက ပြောဆိုထားသည်။

ယခုအခါ အခြေအနေမှာ ငြိမ်သက်လျက်ရှိပြီး ဘူးသီးတောင်၊ မောင်တော၊ စစ်တွေ၊ သံတွဲ၊ ကျောက်တော်၊ မင်းပြား၊
မြောက်ဦး စသည့်မြို့များတွင် ညမထွက်ရ အမိန့်များ ဆက်လက်ထုတ်ပြန်ထားသော်လည်း ကန့်သတ်အချိန်များကိုမူ
လျှော့ချထားသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 74 guests online