သတင်း ပြည်တွင်းသတင်း ဘဏ်ဓားပြများ မိပြီ
ဘဏ်ဓားပြများ မိပြီ Print E-mail
မဇ္ဈိမသတင်းဌာန   
ဗုဒ္ဓဟူးနေ့၊ ဧပြီလ 30 2008 21:41 - မြန်မာစံတော်ချိန်

ချင်းမိုင်။    ။ ရန်ကုန်တိုင်း၊ သင်္ဃန်ကျွန်း မြန်မာ့စီးပွားရေးဘဏ် အတွင်းသို့ ၀င်ရောက် လုယက်ပြီး ဘဏ်ဝန်ထမ်းတဦးအား ဓားဖြင့် ထိုးသတ်သွားသူ တရားခံ (၂) ဦးအား ဖမ်းမိလိုက်ပြီ ဖြစ်သည်။

တရာခံများမှာ သင်္ဃန်းကျွန်းတွင် နေထိုင်သူ ဇော်ကြီးနှင့် သန်းထွေးဆိုသူတို့ ဖြစ်ပြီး ယခုလ (၂၅) ရက် (၂၈) ရက်နေ့ တို့တွင် တနေရာစီမှ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

ဧပြီလ (၈) ရက်နေ့တွင် ဖြစ်ပွားသော  ဘဏ်လုယက်မှုတွင် ဘဏ်မန်နေဂျာ ဦးခင်အေး၊ စာရင်းကိုင် ဦးအေးကြိုင်တို့  ဒဏ်ရာရရှိကာ ကြီးကြပ်ရေးမှူး ဦးစိန်ရွှေမောင်သည် ရင်ညွန့် ဓားဒဏ်ရာဖြင့် သေဆုံးသွားသည်။

မဇ္ဈိမက အစောပိုင်းက ရရှိထားသော သတင်းအရ လုယက်သူများသည် ကျပ်သန်းပေါင်း (၉ဝဝ) ခန့် လုယူ သွားသည်ဟု ဆိုသော်လည်း သတင်းစာတွင် ယင်းကိစ္စနှင့် ပတ်သက်၍ အသေးစိတ် ဖော်ပြထားခြင်း မရှိပါ။

တရားခံများသည် ယခင်ကလည်း လူသတ်မှု၊ ဓားခုတ်မှုတို့ဖြင့် ပြစ်ဒဏ် ကျခံဖူးသူများဖြစ်ပြီး ၂၀၀၇ ခုနှစ်တွင် သင်္ဃန်းကျွန်းမှ တာဝန်ကျရဲများကို ၀တ္တရားနှောင့်ယှက်ကာ ထွက်ပြေးနေသူများ ဖြစ်သည် ဟု သတင်းက ဆိုသည်။ 

ဇော်ကြီး (ခ) ဇော်ဇော်ထွေး အား မြောက်ဥက္ကလာပမြို့နယ် (ဆ) ရပ်ကွက် သုနန္ဒာ (၉) လမ်းမ၊ (၁၇၄) နေ အစ်မတော်စပ်သူ ဒေါ်စန်းစန်းမြင့်နေအိမ်မှ (၂၅) ရက်နေ့ည (၁၁) နာရီ ခွဲတွင် ဖမ်းမိပြီး၊ သန်းထွေးအား ဒဂုံမြို့သစ် (တောင်ပိုင်း) ၅၆ ရပ်ကွက် စက်မှုဇုန် (၁) ရှိ ဦးဦး ခေါက်ဆွဲစက်ရုံ၌ ပုန်းခိုနေစဉ် ဧပြီလ (၂၈) ရက်၊ နံနက် (၅) နာရီခွဲတွင် ဖမ်းမိခဲ့သည် ဟု သတင်းတွင် ဆက်လက် ဖော်ပြထားသည်။

ဘဏ်လုယက်သူ တရားခံများကို ရက်ပေါင်း (၂၀) အတွင်း ဖမ်းဆီးမိသော်လည်း  လွန်ခဲ့သော (၂) လ က ဖြစ်ပွားခဲ့သော ကမာရွတ်မြို့နယ်မှ (၅) လောင်းပြိုင် လူသတ် တရားခံများကို ဖော်ထုတ်နိုင်ခြင်း မရှိသေးပါ၊

မတ်လ (၃) ရက်နေ့က ကုန်သည်ကြီး ဦးချာလီ၏ မိသားစု ၄ ဦး နှင့် အိမ်ဖေါ်တဦးကို ကမာရွတ်မြို့နယ် စိမ်းလဲ့ကန်သာလမ်း အမှတ် (၁၂၆) ရှိ နေအိမ်တွင် သေနတ်သမားများက သွေးအေးအေးဖြင့် ပစ်သတ်သွားခဲ့သည်။

 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved