သတင်း ပြည်တွင်းသတင်း တိုင်းရင်းသားပါတီ ၁၂ ပါတီက ကန့်ကွက်မဲ ထည့်ရန် တိုက်တွန်း
တိုင်းရင်းသားပါတီ ၁၂ ပါတီက ကန့်ကွက်မဲ ထည့်ရန် တိုက်တွန်း Print E-mail
မဇ္ဈိမသတင်းဌာန   
ဗုဒ္ဓဟူးနေ့၊ ဧပြီလ 30 2008 19:03 - မြန်မာစံတော်ချိန်

ချင်းမိုင်။    ။ လူထုဆန္ဒ ခံယူပွဲတွင် တခဲနက် ကန့်ကွက်မဲပေးကြရန် မြန်မာပြည်တွင်းရှိ တိုင်းရင်းသားပါတီ ၁၂ ပါတီက ပြည်သူများကို ယနေ့ တိုက်တွန်းလိုက်သည်။

ဥပဒေမူကြမ်းကို ပြည်သူ့ ကိုယ်စားလှယ်များက ရေးခြင်းမဟုတ်ဘဲ  စစ်တပ်က အာဏာ အရပ်ရပ်ကို ချုပ်ကိုင်မည့် ဗဟိုက ချုပ်ကိုင်သော အစိုးရ ပုံစံသာဖြစ်ပြီး ဒီမိုကရေစီ အနှစ်သာရ ပြည့်ဝသော စစ်မှန်သည့် ပြည်ထောင်စုကို မဖော်ဆောင်နိုင်သဖြင့် နိုင်ငံရေးအသိနှင့် သတိရှိသူတိုင်းက မိမိဆန္ဒ မဲတပြားဖြင့် သမိုင်းမှတ်ကျောက် တင်ရေးအတွက် ကန့်ကွက်မဲပေးရန် သူတို့က တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

ဇိုမီးအမျိုးသား ကွန်ဂရက်ပါတီ ခေါင်းဆောင် ပူးကျင်ရှင်းထန်က “ဒီအစိုးရကို ကန့်ကွက်တဲ့ သူက ကန့်ကွက်၊ ထောက်ခံတဲ့လူက ထောက်ခံ ပြောနေကြပေမယ့် အဲဒီလိုလုပ်ရင် နောက်မှာတခုခု ဖြစ်မလား ဆိုပြီးတော့ စိုးရိမ် ကြောင့်ကြမှုတွေ ရှိနေတော့၊ သွားပြီးတော့ မကန့်ကွက်မိမှာ စိုးလို့ ကျနော်တို့က ထုတ်တာပါ” ဟု ပြောသည်။

“ဒီမိုကရေစီ လိုချင်တဲ့ လူတယောက်မှာ ပေးပိုင်ခွင့်၊ အသည်းကြားက မဲတပြားဆိုတာ ဒီတခါရတယ်။ အဲဒီမှာ ကန့်ကွက်ချင်တယ်ဆိုရင် ရှိတဲ့ အခွင့်အရေးကို ရဲရဲတင်းတင်း ကန့်ကွက်ကြပါလို့ ပြောချင်တာပါ။ နောင်မှာ တခုခု ဖြစ်မယ်ဆိုတာကို ဒီအချိန်မှာ မတွက်ပါနဲ့။ နောင်ခါလာ နောင်ခါဈေး ထားပြီးတော့ လုပ်ပါ၊ တကယ်လို့ ကန့်ကွက်ရဲ့သားနဲ့ ထောက်ခံမဲ ဖြစ်သွားရင် ကျနော်တို့မှာ လုပ်ဖို့ အစီအစဉ် ရှိပါတယ်။ အဲဒါကြောင့် သွားပြီး ကန့်ကွက်မဲ ထည့်ပါ” ဟု သူက ဆက်ပြောသည်။ 

ပြည်သူများက စိုးရွံ့မှုကြောင့် ဆန္ဒအမှန်ကို မျိုသိပ်ထားခြင်း၊ မဲရုံသို့ မသွားဘဲနေခြင်း၊ ကြားနေခြင်းတို့ ပြုလုပ်ပါက ရလဒ်ဆိုးများကို သွယ်ဝိုက် ထောက်ခံရာ ရောက်ပြီး ပိုမိုဆိုးဝါးသော အနာဂတ်နှင့် ရင်ဆိုင်ရမည်ကို သတိချပ်ရန် လိုသည်ဟု ၁၂ ပါတီက ဆိုသည်။

စစ်အစိုးရက ထုတ်ပြန်ခဲ့သည့် ဆန္ဒခံယူပွဲ ဥပဒေအရ ပြည်သူများအနေနှင့် မဲရုံဖွင့်ချိန်နှင့် ဆန္ဒမဲ ရေတွက်ချိန်တို့တွင် စောင့်ကြည့်ကြရန်လည်း အလေးအနက် တိုက်တွန်းထားသေးသည်။

ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ဦးအုံးတင်က “အခုအခြေခံ မူကြမ်းက နံပါတ် (၁) ဒီမိုကရေစီ အနှစ်သာရ မရှိဘူး၊ (၂) တိုင်းသူပြည်သား တဦးချင်းစီကို ဘယ်လိုမှ အကျိုးကျေးဇူး ပေးနိုင်တဲ့ အနေအထားမရှိဘူး၊ (၃) စစ်အာဏာရှင် စနစ်ကို ဆက်လက် တည်ရှိနေဖို့အတွက် အထောက်အကူ ပေးနေတာ တွေ့ရတယ်။ အဲဒါကြောင့် တနိုင်ငံလုံးမှာ ရှိနေတဲ့ မြန်မာ ပြည်သူပြည်သားများ အားလုံး ဆန့်ကျင်မဲ ထည့်ဖို့ ကျနော် တိုက်တွန်းချင်ပါတယ်” ဟု ပြောသည်။

တိုက်တွန်းချက်ကို ၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် အမတ်နေရာ ၂၃ နေရာ အနိုင်ရရှိခဲ့သည့် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၁၁ နေရာ ရခဲ့သည့် ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် အမတ်နေရာများ ရခဲ့သည့် စည်းလုံးညီညွတ်သော တိုင်းရင်းသား နိုင်ငံရေးပါတီ UNA က ထုတ်ပြန်ခြင်း ဖြစ်သည်။

UNA တွင် ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးအမျိုးသား ကွန်ဂရက်၊ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်၊ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ကရင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ကချင်ပြည်နယ် အမျိုးသား ဒီမိုကရေစီကွန်ဂရက်၊ ကယားပြည်နယ် လူမျိုးပေါင်းစုံ ဒီမိုကရေစီအဖွဲ့ချုပ်၊ ကယန်းအမျိုးသား ညီညွတ်ရေးနှင့် ဒီမိုကရေစီ အဖွဲ့ချုပ်၊ မရာပြည်သူ့ပါတီ၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ် ပါတီနှင့် ရခိုင်ပြည်သူ့ ဒီမိုကရေစီ တပ်ပေါင်းစု ပါတီတို့ ပါဝင်သည်။ ယခုအခါ ရှမ်းနှင့် ကိုးကန့်ပါတီမှ လွဲလျှင် ကျန်ပါတီများအား စစ်အစိုးရက ဖျက်သိမ်းပြီး ဖြစ်သည်။

 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved