သတင်း ပြည်တွင်းသတင်း ရွှေတိဂုံသို့ လာရောက်သည့် သံဃာတော်များ ထပ်မံ၍ လူစုခွဲခံရ
ရွှေတိဂုံသို့ လာရောက်သည့် သံဃာတော်များ ထပ်မံ၍ လူစုခွဲခံရ Print E-mail
နန်းဒေဝီ   
အင်္ဂါနေ့၊ ဧပြီလ 29 2008 21:43 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ သံဃာတော်များ ဦးဆောင်သည့် လူအုပ်ကြီးသည် လုံခြုံရေး ထူထပ်စွာ ချထားသော ရွှေတိဂုံဘုရား အနီးသို့ ထပ်မံ၍ စုရုံး ရောက်ရှိလာသဖြင့် အာဏာပိုင်များက ယနေ့ လူစုခွဲလိုက်ပြန်သည်။

သံဃာတော်များ အပါအဝင် လူအင်အား ၁ဝဝ ထက်မနဲ ရွှေတိဂုံဘုရားပေါ် တက်ရောက်ရန် ယနေ့ နံနက်ပိုင်းက စုရုံး ရောက်ရှိလာစဉ် လုံခြုံရေးများက တားဆီးကာ လူစုခွဲလိုက်ကြောင်း မျက်မြင် တွေ့ရှိသူတဦးက မဇ္ဈိမကို ပြောပြခြင်း ဖြစ်သည်။

“ဒီမနက် ၁၁ နာရီကျော်ကျော် လောက်ကပဲ ဘုရားပေါ်တက်ပြီး လူစုဖို့ ကြိုးစားနေတုန်းမှာပဲ လုံခြုံရေး ရဲဘော်တွေကနေ လူစုခွဲလိုက်တယ်။ တောင်ဘက်မုဒ်ဘက်က ပိုပြီး လုံခြုံရေး ချထားတာ တွေ့ရတယ်။ ဒိုင်ယာနာကား ၇ စီးလောက်ကို ရပ်ထားတယ်” ဟု သူက ပြောသည်။

အလားတူပင် သံဃာတော်များအား ရန်ကုန်မြို့အဝင်တွင် တားဆီးသည့် အနေနှင့် သံလျင်နှင့် သာကေတ မြို့နယ်များဘက်မှ မောင်းနှင်လာမည့် ဘတ်စ်ကားများတွင် လိုက်ပါမည်ဆိုလျှင် ကားဂိတ်များ၌ပင် တားဆီးခြင်းများ ပြုလုပ်နေသည်။

ပြီးခဲ့သည့် စနေနေ့ နေ့လည်ပိုင်းကလည်း ရွှေတိဂုံဘုရားပေါ်သို့ သံဃာတော်များ ဦးဆောင်သည့် လူအုပ်စုတစု တက်ရောက်လာသဖြင့် ဆန္ဒပြပွဲ ဖြစ်ပွားမည်ကို စိုးရိမ်သောကြောင့် လုံခြုံရေးများက လူစုခွဲခဲ့သေးသည်။

 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved